ဒေါ်အောင်ဆန်းစုကြည်နဲ့ ကင်တာနားတွေ့ဆုံ
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနားဟာ မြန်မာ့ အရေးကို စေတနာ ထက်သန်စွာနဲ့ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ သူဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင် နှံ့စပ်သူလည်း ဖြစ်တယ်လို့ သတင်းထောက် တွေကို ဒီကနေ့ ပြောဆိုပါတယ်။
-
2011-08-24 -
-
-
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တာနားနဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဗဟို အလုပ်အမှုအဆောင် အဖွဲ့ဝင်တွေကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
AFP
မစ္စတာ သောမတ် ကင်တာနားနဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဗဟို အလုပ်အမှုအဆောင် အဖွဲ့ဝင်တွေကို ဒီကနေ့ ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
ညနေပိုင်း ၃နာရီက မစ္စတာ ကင်တားနားဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိနစ် ၃၀ ကြာ သီးခြား တွေ့ဆုံခဲ့ပြီး နောက် NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ဆက်လက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အစည်းအဝေးမှာ ပါဝင်သူ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က -
"မစ္စတာ ကင်တာနားက နေပြည်တော်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက် ရရှိရေးနဲ့ ပတ်သက်ပြီး သူတင်ပြခဲ့တဲ့၊ အကြံပေးနိုင်ခဲ့တဲ့ အချက်တွေကို ရှင်းပြတယ်။ နောက်ပြီးတော့ သူ သိရှိခဲ့တဲ့ အချက်အလက်တွေထဲက တချို့ကို ကျနော်တို့ကို ပြန်ပြီး ရှင်းပြတယ်။ ကျနော်တို့ကလည်း ဒီ NLD ကနေ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး တိုးတက်ရရှိရေးအတွက် ကြိုးပန်းဆောင်ရွက်နေတဲ့ အချက်အလက်တွေ၊ ဥပဒေအရ ပြည်သူလူထုကို အထောက်အကူ ပေးနေတဲ့ အချက်တွေ၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေတဲ့ အချက်တွေ၊ ဒါတွေကို အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့က ရှင်းပြကြတယ်။"
အစည်းအဝေးမှာ မစ္စတာ ကင်တားနားနဲ့ အတူ ထိုင်းနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့က လိုက်ပါလာတဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူ နှစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ အစည်းအဝေး အပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့မှာ မစ္စတာ ကင်တားနားနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်တွေက မေးမြန်းခွင့် ရခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြန်လည် ဖြေကြားချက်နဲ့ ပတ်သက်ပြီး ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။
"မစ္စတာ ကင်တားနား တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ အင်မတန် ကျေနပ်ပါတယ်တဲ့။ မစ္စတာ ကင်တားနား ဆိုတဲ့ ပုဂ္ဂိုလ်ဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အပြည့်အ၀ ရရှိဖို့အတွက် အတော့်ကို ထက်သန်တဲ့ စေတနာနဲ့ ကြိုးပန်းနေသူပါတဲ့။ နောက်ပြီးတော့ သူဟာ ဒီဘာသာရပ်မှာလည်း ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်တဲ့။ မစ္စတာ ကင်တားနားကို အားကိုးပါတယ်တဲ့။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ရရှိရေး အတွက် အားကိုးထိုက်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်တဲ့။ အခုလို တွေ့ဆုံရတဲ့ အတွက် နှစ်ထောင်း အားရ ဖြစ်ပါတယ်လို့ အဲလို ဖြေလိုက်တာကို ကျနော် ကြားရပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ကင်တားနား တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |