NLD (နေပြည်တော်) ရုံးခန်းဖွင့်ပွဲကျင်းပ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းက နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နေပြည်တော် ရုံးခန်းဖွင့်ပွဲကို တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
- 2012-08-15
-
-
-
အဲဒီရုံးခန်းဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကျေးလက်ဒေသက ပြည်သူတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ အခမဲ့ ပညာဒါန ကျောင်းတွေ ထူထောင်နိုင်ဖို့ ဆရာအတတ်သင် သင်တန်းတွေကို မနက်ဖြန်ကစပြီး နေပြည်တော်မှာ ဖွင့်လှစ်တော့မယ်လို့ ပြောကြားလိုက်ပါတယ်။
"မနက်ဖြန်ကနေစပြီး ကျွန်မတို့ လူငယ်တွေပေါ့နော်။ လူငယ်တွေ ၂၀ ကို ဆရာ အတတ်သင်တန်းဆိုတာ သင်တန်းဆိုပြီး ကျွန်မတို့ စပြီးပေးပါမယ်။ တချို့က ဒီလို သင်တန်းတိုလေးနဲ့ ဆရာ ဆရာမတွေဖြစ်အောင် လုပ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်တယ်။ ဆရာအတတ်သင်ကျောင်းဆိုတာ ဘယ်နှနှစ်တောင် သင်ရတာပေါ့နော်။ ဒီလိုသင်တန်းကို ကျွန်မတို့က ၁၀ တန်းအထိ ပညာသင်ဖူးတဲ့လူတွေ ဆိုလို့ရှိရင် ကျွန်မတို့ လက်ခံတယ်။ လှိုင်သာယာဆို ကျွန်မတို့ အခမဲ့ကျောင်း တွေမှာလည်း ဒီလိုသင်တန်းပေးတဲ့ ဆရာ ဆရာမတွေ သင်တာက အင်မတန်မှ အောင်အောင်မြင်မြင် ရှိပါတယ်။ ကျွန်မတို့က ဒီလိုသင်တန်းစမယ်။ စပြီးလို့ရှိရင် ရွာတွေ ရွာတွေမှာ ပြန်ပြီးတော့ အခမဲ့ကျောင်းလေးတွေကို ထူထောင်နိုင်ဖို့အတွက် လုပ်ဆောင်သွားပါမယ်"
ဒီကနေ့ ဖွင့်လှစ်လိုက်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ လယ်ယာမြေ ဥပဒေနဲ့ ပတ်သက်တဲ့ ဥပဒေအကြောင်း သိကောင်းစရာတွေကို အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ မနက် ၉ နာရီကနေ ၁၁ နာရီခွဲအထိ၊ ညနေ ၃ နာရီကနေ ၆ နာရီအထိ လာရောက်တိုင်ပင် ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ရုံးခန်းဖွင့်ပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ ၊ မြို့နယ်အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ အခုဖွင့်လှစ်တဲ့ နေပြည်တော် NLD ရုံးရဲ့ လုပ်ငန်းစဉ်တွေကို လွှတ်တော် အစည်းအဝေးတွေအတွက် နေပြည်တော်ကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေက ဦးစီးဆောင်ရွက်မှာ ဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းကလည်း ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ ဒုတိယ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပြီး နေ့လည်ပိုင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန်ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဆက်လက် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။