လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အတွက် ဒေါ်အောင်ဆန်းစုကြည် Kevin Rudd ကို ပန်ကြား
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံအပေါ် ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရ လိုက်နာရေးအတွက် သြစတြေလျ နိုင်ငံက ဝိုင်းဝန်းကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် က သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Mr. Kevin Rudd ကို ဒီကနေ့ ပန်ကြားလိုက်ပါတယ်။
-
2011-07-02 -
-
-
Your browser doesn’t support HTML5 audio
ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Rudd ဒီကနေ့ မွန်းလွဲပိုင်းက တွေ့ဆုံစဉ်မှာ အခုလို ပြောလိုက်တာပါ။ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က …
“ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းမှာရှိတဲ့ Australian Club မှာ နေ့လည်စာနဲ့ တည်ခင်းဧည့်ခံရင်း လက်ခံတွေ့ဆုံပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်နဲ့ အတွင်းရေးမှူးရဲ့ ရုံးအဖွဲ့ဝင် ဦးထင်ကျော်တို့လည်း အတူ လိုက်ပါသွားကြပါတယ်။ အဲလို တွေ့ဆုံရာမှာ သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Mr. Kevin Rudd က လူမှုရေးဆောင်ရွက်ချက် လုပ်ငန်းတွေမှာ သြစတြေလျနိုင်ငံက ပါဝင်ကူညီနေတဲ့ အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြတယ်လို့ သိရပါတယ်”
သြစတြေလျနိုင်ငံဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေအတွက် အစဉ်တစိုက် ကူညီနေတဲ့ နိုင်ငံ ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံ လိုက်နာ ဆောင်ရွက်ရေး အတွက် တိုက်တွန်းပေးဖို့ ပန်ကြားတာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးချက်တွေကို နှစ်ဘက်လုံးက အသေးစိတ် ထုတ်ပြန်ကြေညာတာ မရှိပါဘူး။ သြစတြေလျ နိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပါတီတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေလျ သံအမတ်ကြီးရဲ့ နေအိမ်မှာ ဆက်လက် တွေ့ဆုံခဲ့ပါတယ်။
Mr. Rudd ဟာ သောကြာနေ့ကလည်း နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့နဲ့ တွေ့ဆုံခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
သြစတြေလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးကောက်ပွဲဝင် ပါတီတွေ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က တင်ပြထားတာကို နားဆင်နိုင်ပါတယ်။
စုစည်းတင်ပြချက်။ |
|
အသံဖိုင်ယူရန်။ |