ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ တွေ့ဆုံ

နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် အဖြစ် ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်တို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က အမေရိကန်သံရုံး တာဝန်ခံနေအိမ်မှာ အတူ ညစာစားရင်း တွေ့ဆုံနေစဉ်။ AFP

ရန်ကုန်မြို့က အမေရိကန်သံရုံး တာဝန်ခံနေအိမ်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး အဲဒီမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟီလာရီ ကလင်တန်တို့ သီးသန့် ညစာစားရင်း စကားပြောဆိုခဲ့ကြပါတယ်။

အခုလို တွေ့ဆုံချိန်မှာပဲ အမေရိကန် သမ္မတ အိုဘားမားရဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်တဲ့စာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ပါတယ်။

ဒီစာမှာ သမ္မတ အိုဘားမားက အမေရိကန်နိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်က အခုအချိန်မှာသာမက အမြဲတစေ ရပ်တည်လျှက် ရှိနေပါကြောင်း ရေးသားထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရချိန် တလျှောက်လုံးမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တစိုက်မတ်မတ် ပြောဆို လှုံ့ဆော်ခဲ့သူလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org