ဒေါ်အောင်ဆန်းစုကြည် ကော့မှူးပညာရေးဆိုင်ရာ ဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက သူ့ရဲ့ မဲဆန္ဒနယ် ကော့မှူးမြို့နယ်က ဆရာ ဆရာမ ၁၀၀ လောက်နဲ့ တွေ့ဆုံဆွေးနွေးပြီး ကျောင်းတွေမှာ ဘယ်လို အထောက်အပံ့မျိုးတွေ လိုအပ်နေသလဲ ဆိုတာ လေ့လာခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဆရာ ဆရာမများနှင့် ပညာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးနေစဉ်။ RFA

ဒီကနေ့ တွေ့ဆုံပွဲမှာ ဆရာ ဆရာမတွေရဲ့ လစာဖူလုံရေး နဲ့ ကျူရှင်စနစ် ပပျောက်ရေး အတွက် ဘာတွေ လိုအပ်သလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အခုလို မေးမြန်း ဆွေးနွေးခဲ့ ပါတယ်။

"ကျွန်မတို့မြို့နယ်မှာ လုပ်ချင်တာက ကျွန်မတို့ ဆရာ၊ ဆရာမတွေရဲ့ လခတွေနဲ့ ပတ်သက်လို့တော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီးတော့ တိုင်ပင်ပြီးတော့ ပြုပြင်ပြောင်းလဲရမယ့်အချိန်ကတော့ ရောက်လာပြီလို့ ကျွန်မထင်တယ်။ ဘာဖြစ်ဆို ဒီကျူရှင်ဆိုတဲ့ ကိစ္စကြီးပေါ့နော်။ ကျူရှင်ဆိုတာ ကျွန်မတို့နိုင်ငံမှာ နာမည်ဆိုးရှိတဲ့ဟာ၊ ဒီကျောင်းအတန်းထဲမှာ ဘာဖြစ်လို့ ကလေးတွေကို ပညာ ပြည့်ပြည့်ဝဝ မသင်ပေးနိုင်တာလဲ ဆိုတာတော့ ကျွန်မတို့ စဉ်းစားရမယ်။ ဒါကိုလည်း လက်တွေ့ကျကျ ကြည့်ရမယ်။ ကျောင်းဆရာ ဆရာမတွေရဲ့ လခတွေကို ပံ့ပိုးဖို့လိုလို့ အပြင်မှာ ကျူရှင်ပေးတဲ့ ကိစ္စပဲ တစ်ခုပဲလား။ တခြားဘာတွေရှိသေးလဲ။ ကျောင်းစာသင်ခန်းထဲမှာ ကလေးတွေကို ပြည့်ပြည့်ဝဝ သင်ပေးနိုင်လောက်အောင် အခြေအနေတွေ မပေးလို့လား။ အဲဒါ ဘာအခြေအနေတွေလဲ ဆိုတာ အဲဒါတွေကို ကျွန်မတို့ ကြည့်ပြီးတော့ ပြုပြင်ဖို့ လိုပါလိမ့်မယ်။ ဆရာ ဆရာမတွေရဲ့ လခတွေဟာ ဒီလိုပုံစံနဲ့ ဆိုရင်တော့ လုံလုံလောက်လောက် မရှိဘူး ဆိုတာတော့ ကျွန်မတို့ သဘောပေါက်ပါတယ်၊ "

ဒါ့အပြင် ပညာရေး စနစ်ကို ရေရှည်မှာ အသက်မွေးဝမ်းကျောင်း ပညာလိုင်း နဲ့ တက္ကသိုလ် ပညာလိုင်းကို ခွဲပြီး လုပ်ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကျောင်း ပြဋ္ဌာန်း စာအုပ်ပါ သင်ခန်းစာတွေ တင်မက ကျောင်းသားကျောင်းသူ တစ်ဦးချင်း ဝါသနာ အလိုက် ဂီတ၊ အနပညာ၊ အားကစား စတဲ့ စိတ်ပါဝင်စားရာ ဘာသာရပ်တွေကိုပါ အခြေခံပညာမှာ ကတည်းက လေ့လာသင်ကြား နိုင်အောင် ပြောင်းလဲဖို့ လိုအပ်ကြောင်းလည်း ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျောင်းသူ ကျောင်းသားတွေရဲ့ အင်္ဂလိပ်စာ တတ်မြောက်မှုကိုလည်း မေးမြန်းခဲ့ပြီး ဆရာ၊ ဆရာမတွေကိုလည်း အင်္ဂလိပ်စာ မွမ်းမံ သင်တန်းပေးဖို့  စီစဉ်မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ကော့မှူးမြို့နယ် ပညာရေးဆိုင်ရာ ခရီးစဉ်အကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org