ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာကွန်ရက် စာမျက်နှာ လွှင့်တင်

နိုင်ငံတကာက မြန်မာ့အရေး ကူညီ ဆောင်ရွက်သူတွေနဲ့ ချိတ်ဆက်နိုင်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာ အင်တာနက်ကွန်ရက် စာမျက်နှာတခုကို ဒီကနေ့ နေ့စွဲနဲ့ ဖွင့်လှစ် ထုတ်ဝေလိုက်ပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့တွင် စတင် လွှင့်တင်ထုတ်ဝေလိုက်သည့် Aung San Suu Kyi International Network အင်တာနက်စာမျက်နှာ။ (burmese.assknetwork.org) burmese.assknetwork.org

Aung San Suu Kyi International Network လို့ အမည်ပေးထားတဲ့ ဒီ အင်တာနက်စာမျက်နှာကို လွှင့်တင်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က… လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ ကမ္ဘာကြီးတခု ဖြစ်ပေါ်လာဖို့ ကြိုးပမ်းရာမှာ လူလူချင်း သတင်းအချက်အလက် ဆက်သွယ် စီးဆင်းနေဖို့ အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး တရားမျှတရေးနဲ့ သာယာဝပြောရေး အတွက် အင်အားတွေ စုစည်းရမှာ ဖြစ်ကြောင်း၊ ဒီကွန်ရက်ကနေ မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ ပြဿနာတွေ အဖြေရှာနိုင်ဖို့ စိတ်ကူးနဲ့ အကြံအစည်တွေ၊ အမြင်တွေ ဖလှယ်နိုင်ကြမယ်လို့ မျှော်လင့်ကြောင်း အင်္ဂလိပ်ဘာသာနဲ့ နှုတ်ခွန်းဆက်စကား ရေးသားထားပါတယ်။

ဒီ အင်တာနက်စာမျက်နှာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲ အချိန်မှာ လွှင့်တင်တာဖြစ်ပြီး ပထမဆုံး စာမျက်နှာမှာ အမေရိကန် အထက်လွှတ်တော်အမတ် Richard Lugar ၊ Beatles တေးဂီတအဖွဲ့က ကွယ်လွန်သူ John Lennon ရဲ့ဇနီး လူ့အခွင့်အရေး လှုပ်ရှားသူ Yoko Ono တို့ရဲ့ မွေးနေ့ဆုတောင်းတွေကို ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org