မြန်မာနိုင်ငံကို စီးပွားရေးလုပ်ဖို့နေရာ အဖြစ်လောက် တရုတ် မကြည့်သင့်
တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံကို တရုတ်ကုမ္ပဏီတွေ စီးပွားရေးလုပ်ဖို့နေရာ တစ်ခုအဖြစ်လောက်သာ မကြည့်မြင်သင့်ပါဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
-
2012-02-14 -
-
-
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပသော ၆၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောနေစဉ်။
RFA
တနင်္လာနေ့က ထုတ်ဝေခဲ့တဲ့ ကွမ်တုံပြည်နယ်အခြေစိုက် Southern People Weekly ခေါ် ဒက္ခိဏ လူထုမဂ္ဂဇင်းနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောဆိုခဲ့ကြောင်း The Wall Street Journal သတင်းစာကြီးက ဖော်ပြလိုက်တာပါ။
မြန်မာနိုင်ငံဟာ အနာဂတ်မှာ တရုတ်နဲ့ရော အမေရိကန်နဲ့ပါ ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ အားထုတ်သွားမှာ ဖြစ်ကြောင်း၊ တရုတ်ပြည်သူတွေအနေနဲ့ မိမိတို့အပေါ် ပိုမို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း၊ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အခါ ကုမ္ပဏီတွေဟာ နှစ်နိုင်ငံ ပြည်သူတွေရဲ့ဆက်ဆံရေးကိုလည်း ထည့်သွင်း စဉ်းစားမယ်လို့ မျှော်လင့်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
အခုအခါ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ မဟာဗျူဟာမြောက် လွန်ဆွဲပွဲ အလယ်မှာ ရှိနေပါတယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုကနေ လွတ်ကင်းအောင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်လည်း ဖြစ်ပါတယ်။ ပိတ်ဆို့မှုတွေကြောင့်ပဲ တရုတ်ပြည်ဟာ မြန်မာအစိုးရရဲ့ ဘဏ္ဍာရေး၊ နိုင်ငံရေး ကျောထောက်နောက်ခံ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ကုမ္ပဏီတွေက မြန်မာ့ သယံဇာတတွေကို လောဘတကြီး ဝါးမျိုနေတဲ့အပေါ် အတိုက်အခံ အင်အားစုတွေက မခံမရပ်နိုင် ဖြစ်လာကြသလို၊ မြန်မာလူထုအတွင်း တရုတ် ဆန့်ကျင်ရေး သဘောထားတွေ ကြီးထွား လာနေတာကြောင့် နိုင်ငံရေး မငြိမ်မသက် ဖြစ်လာမှာကို မြန်မာအစိုးရကလည်း စိုးရိမ်လာနေတယ်လို့ အဲဒီသတင်းစာက ဖော်ပြထားပါတယ်။
အခုလို ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးနေချိန်အတွင်း တရုတ်မဂ္ဂဇင်း တစ်စောင်မှာပါဝင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေဟာ လာမယ့် လွှတ်တော်အနေနဲ့ အနာဂတ်မှာ တရုတ် ရင်းနှီးမြှုပ်နှံံမှုတွေအပေါ် ပိုမို တင်းကျပ်လာတော့မယ့် နိမိတ် လက္ခဏာပါပဲလို့ The Wall Street Journal က ရေးသားလိုက်ပါတယ်။