ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ချက် တိုင်းကော်မရှင်က ပယ်ချ
ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီကြောင်း တင်ပြ ကန့်ကွက်ချက်ကို ရန်ကုန်တိုင်းဒေသကြီး တိုင်းရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ပယ်ချလိုက်ပါတယ်။
-
2012-02-28 -
-
-
ကော့မှူးမြို့
RFA
လာမယ့် ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်ဖို့ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို တင်သွင်းခဲ့ပါတယ်။ ဒီတင်သွင်းချက်ကို
ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီခြင်းမရှိကြောင်း ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ကော့မှူးမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးတင်ရီက ကန့်ကွက်ခဲ့တာပါ။
ဒီကန့်ကွက်ချက်ကို ရန်ကုန်တိုင်းဒေသကြီး
အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ပလပ်လိုက်တာကြောင့် ဦးတင်ရီက ဖေဖော်ဝါရီလ ၂၂ရက်နေ့က တိုင်း ရွေးကောက်ပွဲ ကော်မရှင်ကို ဆက်ပြီး အယူခံတင်ခဲ့ပါတယ်။ ဒီအယူခံကို တိုင်းရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့
ဆက်လက် ပယ်ချလိုက်တယ်လို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကော့မှူးမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် ဒီကနေ့ တရားဝင်အမည်စာရင်း ထုတ်ပြန်တယ်လို့ ဆိုပါတယ်။ ကော့မှူးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်အပြင် ကြံခိုင်ဖွံ့ဖြိုးရေးပါတီက
ဒေါက်တာ စိုးမင်းနဲ့ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ဦးတင်ရီတို့ ပါဝင်ယှဉ်ပြိုင်ကြပါမယ်။