ဒေါ်အောင်ဆန်းစုကြည် ကို Wall Street Journal တွေ့ဆုံမေးမြန်း

အနောက်နိုင်ငံတွေက မြန်မာအစိုးရ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေးကြောင်း အမေရိကန်အခြေစိုက် Wall Street Journal က သီးသန့်တွေ့ဆုံ မေးမြန်းစဉ်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ မနေ့က Wall Street Journal သတင်းထောက်နဲ့ တွေ့ဆုံစဉ်မှာ စီးပွားရေး ပိတ်ဆို့မှု၊ တရားဥပဒေ စိုးမိုးရေး၊ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ကိစ္စ စတာတွေအပေါ် သတင်းထောက်ရဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ တာပါ။

၂ဝ၁၁ စက်တင်ဘာ ၁၅ ရက် နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်။ NLD

အမေရိကန် အစိုးရက ချမှတ်ထားတဲ့ မြန်မာ အစိုးရ အပေါ် ပိတ်ဆို့ အရေးယူမှုဆိုင်ရာ JADE ဥပဒေ ပြဌာန်းချက်မှာ- နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရမယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးရမယ်၊ စစ်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေက တိုင်းရင်းသားလူထုတွေကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ သွားရောက် ကူညီခွင့် ရှိရမယ် ဆိုတဲ့အချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်က မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က- မိမိတို့ တွေ့ဆုံဆွေးနွေး နေတာ မှန်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေ မပါသေးပါဘူး။ တိုင်းရင်းသားနယ်မြေတွေ အထူးသဖြင့် စစ်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေမှာ လူသားချင်းစာနာတဲ့ အကူအညီ သွားရောက်ပေးပိုင်ခွင့် မရှိသေးပါဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါ့ကြောင့် လက်ရှိ အမေရိကန်အစိုးရက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းရေးအတွက် သူတို့ တောင်းဆိုထားတဲ့ အချက်တွေ မပြည့်ဝသေးဘူးဆိုရင် မိမိအနေနဲ့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်း၊ လွတ်လပ်တဲ့ တရားစီရင်မှု ရှိမှသာ နိုင်ငံတကာက ရင်းနှီးမြှပ်နှံမှုတွေ အတွက် ဥပဒေအရ အာမခံချက်ရှိမှာ ဖြစ်သလို ပွင့်လင်းမြင်သာမှု လည်း ရှိမှာဖြစ်ပါတယ်လို့ သတင်းထောက်ရဲ့ မေးမြန်းချက်တခုကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

Wall Street Journal နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်း ဖြေဆိုချက်တွေကို ဦးဝင်းနိုင်က ထုတ်နုတ်တင်ပြမှာ ဖြစ်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org