ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် တနင်္လာနေ့မှာ မြန်မာအစိုးရ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်တို့ ၂ဝဝ၇ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့က အစိုးရဧည့်ဂေဟာတွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP) AFP

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် မနက်ဖြန် နေ့လည် ၁ နာရီ မှာ တွေ့ဆုံမှာဖြစ်ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ၊ ဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို အတည်ပြု ပြောကြားပါတယ်။

“အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ဝင် အလုပ်သမားဝန်ကြီးဌာနနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဌာန ဝန်ကြီးဦးအောင်ကြည်နဲ့ နက်ဖြန်ခါ နေ့လည် ၁ နာရီမှာ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ တွေ့ဆုံဆွေးနွေးပါမယ်”

အရင် စစ်အစိုးရလက်ထက်က ဆက်ဆံရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့တဲ့ ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန် တွေ့ဆုံဖို့ ဒီကနေ့မနက်က အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။ ဦးအောင်ကြည်ဟာ လက်ရှိ ဦးသိန်းစိန်အစိုးရ အဖွဲ့မှာလည်း အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူထားပါတယ်။

ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ အရင်အစိုးရ လက်ထက်မှာ ၉ ကြိမ် ရှိခဲ့ပါတယ်။ တကယ်လို့ မနက်ဖြန် တွေ့ဆုံဖြစ်ရင် ဒါဟာ ဦးသိန်းစိန်အစိုးရသစ် တက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရဝန်ကြီး တဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်၊၊

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး ကတည်းက အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးရေးအတွက် တိုက်တွန်း တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် အစိုးရဘက်က လစ်လျူရှုနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာမှာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားထား ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org