ဦးအောင်ကြည်နဲ့တွေ့ဆုံမှု ကောင်းသော စတင်ခြင်းလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

သြဂုတ်လ ၁၂ ရက်နေ့က ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံပွဲ အပြီး ထုတ်ပြန် ကြေငြာချက်မှာ ပါတဲ့ အတိုင်း ဒီဆွေးနွေးပွဲတွေဟာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကောင်းသော စတင်ခြင်း ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နေအိမ်အကျယ်ချုပ်မှ လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် ဝိုင်းဝန်းဆီးကြိုသော လူထု ပရိသတ်နှင့် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

"အမေ့ရဲ့ ငြိမ်းချမ်းရေး ပန်ကြားချက်နဲ့ ပတ်သက်လို့ အတော်များများက လိုလိုလားလားနဲ့ ထောက်ခံကြပါတယ်။ ချက်ခြင်းကြီး အဖြေမပေါ်တာက အံ့သြစရာ မဟုတ်ပေမဲ့ လူတိုင်းလူတိုင်းက တတ်နိုင်သမျှ လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးဟာ ပေါ်ထွန်းလာမှာပါ။ ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံပွဲ အပြီး ထုတ်ပြန် ကြေငြာချက်မှာ ပါတဲ့ အတိုင်းဘဲ အများပြည်သူအတွက် အကျိူးရှိစေဖို့ ပူးပေါင်း ဆောင်ရွက်နိုင်မယ်လို့ မြင်ပါတယ်။ အစဘဲဆိုပေမဲ့ ကောင်းသောစခြင်းလို့ ပြောချင်ပါတယ်။"

RFA က အပတ်စဉ် တင်ဆက်နေတဲ့ “လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် သောတရှင် တဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သွားခဲ့တဲ့ ပဲခူး နိုင်ငံရေး ခရီးစဉ် အတွက် သူ့အနေနဲ့ ကျေနပ်အားရ ဖြစ်ရကြောင်းလည်း ပြောပါတယ်။

"ကျမရဲ့ ပဲခူး နိုင်ငံရေး ခရီးစဉ်ကို ကျေနပ်အားရ ပါတယ်။ ပြည်သူတွေနဲ့ ထိတွေ့မှု ရှိနိုင်ခဲ့တာဟာ အင်မတန်မှ စိတ်ချမ်းမြေ့စရာပါဘဲ။ အာဏာပိုင်တွေဘက်ကလည်း ကောင်းကောင်းမွန်မွန် ပူးပေါင်း ဆောက်ရွက်ခဲ့ကြတာမို့ သက်ဆိုင်သူတွေ အားလုံးအတွက် ဝမ်းမြောက်စရာ ဖြစ်ခဲ့ရပါတယ်။"

အပြည့်အစုံကို သောကြာနေ့ညပိုင်းမှာ ထုတ်လွှင့်မယ့် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ စောင့်မျှော် နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း နေပြည်တော်မှာ မနက်ဖြန်က စပြီး နှစ်ရက်ကြာ ကျင်းပမယ့် အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ ဖိတ်ကြားတဲ့စာ မနေ့က လက်ခံရရှိတယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဒီနေ့ ပြောပါတယ်။ ဖိတ်စာကို အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရေး ဆိုင်ရာ ဦးစီး ကော်မတီက ပေးပို့တာပါ။

"စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ၁၉ - ၂၀ ရက်မှာ ကျင်းပမှာပေါ့။ အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရေး ဆိုင်ရာ ဦးစီး ကော်မတီက ကျနော်တို့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားတဲ့စာ ၁၇ ရက်နေ့က လက်ခံ ရရှိပါတယ်။"

ဖိတ်စာ လက်ခံရရှိတာပဲ ပြောနိုင်ပြီး ဒီအလုပ်ရုံ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်မယ်-မတက်ဘူး ဆိုတာကိုတော့ ဦးအုန်းကြိုင်က ပြောဆိုနိုင်ခြင်း မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org