ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ပြန်ရောက်ပြီ

၂၀၁၀ နိုဝင်ဘာလမှာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ပြီးတဲ့ နောက်ပိုင်း ရန်ကုန်မြို့ပြင်ပကို ပထမဆုံး အကြိမ် ခရီးထွက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ဒီကနေ့ ချောချောမောမော ပြန်လည် ရောက်ရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ၅ ရက်ကြာ ပုဂံဘုရားဖူးခရီးစဉ် အပြီး ၂၀၁၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ရန်ကုန်ကို ပြန်လည်မထွက်ခွါမီ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ကို ပုဂံ ညောင်ဦးလေဆိပ်တွင် နှုတ်ဆက်ကြသူများနှင့် တွေ့ရပုံ။ AFP

ညောင်ဦး ကနေ ရန်ကုန်ကို မနက် ၁၀ နာရီ မိနစ် ၅၀ ကျော်လောက်မှာ ဆိုက်ရောက်တယ်လို့ ခရီးစဉ်မှာ အတူ ပါသွားတဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။

"လိုချင်တဲ့ အတိုင်းထက် ပိုပါတယ်။ ကျေလည်း ကျေနပ်ကြပါတယ်။ အားလုံး ကလည်း လိုလိုလားလား ပါပဲ။ အားလုံး ဆိုတာက အဲယားလိုင်းတို့ ဟိုတယ်တို့ အကုန်လုံး ကလည်း တကယ့် နိုင်ငံရဲ့ခေါင်းဆောင် တယောက်လိုပဲ ဆက်ဆံကြတယ်လေ။ နောက် ပြည်သူတွေ ကလည်း တွေ့တဲ့ နေရာမှာ ပျူပျူငှာငှာပေါ့၊ လေးလေးစားစား အဲသလိုပဲ ချစ်ကြတယ်ပေါ့ဗျာ။"

သားငယ် ကိုထိန်လင်း ကတော့ ကားနဲ့ ပြန်လာတာဖြစ်လို့ ညပိုင်းကျမှ ရန်ကုန် ပြန်ရောက်မယ်လို့ ပြောပါတယ်။ ဒီခရီးနဲ့ ပတ်သက်ပြီး AFP သတင်းထောက် တဦးက မေးတဲ့ အခါမှာ ကိုထိန်လင်းက ကျနော်တို့ အားလပ်ရက်တော့ ရခဲ့ပါတယ်။ ဒါပေမယ့် ခရီး တလျှောက်လုံး ကြိုဆို နှုတ်ဆက်တဲ့သူတွေ များတော့ ရှောင်လို့ မလွတ်တဲ့ အတွက် အပမ်းဖြေ အနားယူခွင့်တော့ နဲနဲပဲ ရခဲ့ပါတယ်လို့ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ မနေ့ ညနေက ညောင်ဦးမြို့ ဈေးထဲမှာ လူတစ်ထောင်ကျော် ကြိုဆို နှုတ်ဆက်တဲ့ အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ဟိုတယ် မန်နေဂျာတွေက ညစာ စားပွဲနဲ့ ဧည့်ခံတဲ့ အကြောင်းနဲ့ဟိုတယ် ဝန်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကလည်း ကျေးဇူးတင် စကား ပြန်ပြောခဲ့တဲ့ အကြောင်းကို NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

"ညနေပိုင်းမှာ အထွေထွေ အတွင်းရေးမှူးက ညောင်ဦးမြို့ဈေးထဲကိုဈေးဝယ်ထွက် ပါတယ်။ အဲဒီမှာ ကြိုတင်ပြီးတော့ သတင်းရရှိနေတဲ့ ညောင်ဦးမြို့က မြို့သူမြို့သားတွေ၊ ထောင်နဲ့ချီနေတဲ့ ပရိသတ်ကြီးက စောင့်နေကြပါတယ်။ ဟိုတယ်ကို ညနေ ၅ နာရီကျော်လောက်မှာ ပြန်ရောက်တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ဟိုတယ် ဝန်ထမ်းပေါင်း ၁၂၀ ကျော်ကို အထွေထွေ အတွင်းရေးမှူးရယ်၊ သားငယ် ကိုထိန်လင်းရယ်က တွေ့ဆုံပြီးတော့ ကျေးဇူးတင်ရှိကြောင်း ပြောကြားပါတယ်။ ညနေပိုင်းမှာတော့ River View Hotel မန်နေဂျာနဲ့ လက်ထောက် မန်နေဂျာတို့က ညစာ ပြန်ပြီးတော့ တည်ခင်း ဧည့်ခံတယ်လို့ သိရပါတယ်။"

ဇွန်လ ၄ ရက်နေ့က စတင်တဲ့ ဒီခရီးစဉ်ဟာ ၅ ရက် ကြာမြင့်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org