ကန့်ကွက်မှုတွေရှိနေတဲ့ ငြိမ်းစုစီ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် အတည်ပြု
ပြည်သူတွေရဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ကန့်သတ်တဲ့ ဥပဒေကြမ်းဆိုပြီး အရပ်ဖက် လူ့အဖွဲ့အစည်းတွေ ကန့်ကွက်နေကြတဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်း (ငြိမ်းစုစီ)ကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။
-
2018-03-07 -
-
-
ပြည်သူတွေရဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ကန့်သတ်တဲ့ ဥပဒေကြမ်းဆိုပြီး အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ကန့်ကွက်နေကြတဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်း (ငြိမ်းစုစီ)ကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။
အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက ၂ ရက်ကြာ ဆွေးနွေးပြီးနောက် ကန့်ကွက်ဆွေးနွေးသူရှိတာကြောင့် မဲခွဲရာမှာ ထောက်ခံမဲ ၁၁၃ မဲ၊ ကန့်ကွက်မဲ ၇၈ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ငြိမ်းစုစီဥပဒေကြမ်းမှာ အချက်တချို့ကို ပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။
ဥပဒေကြမ်းတစ်ခုနဲ့ပတ်သက်ပြီး ပြင်ဆင်ချက်တွေ ရှိတယ်ဆိုရင် ဆွေးနွေးတဲ့နေ့မှာ အတည်ပြုဖို့ အဆို တင်သွင်းခြင်း မပြုရဆိုပြီး အမျိုးသားလွှတ်တော်ဥပဒေမှာ ပြဌာန်းထားတဲ့အတွက် ဒီနေ့ တခါတည်းအတည်ပြု လိုက်တာကို တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုးရွှေက ကန့်ကွက်ခဲ့ပါတယ်။
"ဆွေးနွေးတဲ့နေ့မှာပဲ ဒီဥပဒေကြမ်းကို ပြင်ဆင်ချက်တွေရှိနေပေမဲ့ ဒါကိုအဆိုတင်သွင်းသွားတာကို ဥပဒေနဲ့ မညီလို့ ကျနော်တို့ ကန့်ကွက်တာဖြစ်ပါတယ်၊ ဒါကိုလည်း ဥက္ကဌကနေ လွှတ်တော်ရဲ့ သဘောထားကို ယူပြီးတော့ မှ ဆက်လက်ဆောင်ရွက်မယ်လို့ ကြေညာပါတယ်၊ အဲအချိန်မှာ ကျနော်က ထပ်ပြီးတော့ ကန့်ကွက်ပါတယ်၊ ဘာဖြစ်လို့ကန့်ကွက်ရတာလဲဆိုရင် ၂၀၁၅ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေတွေဟာ ပြဌာန်းထားပြီး သား ဥပဒေဖြစ်ပါတယ်၊ ဒီပြဌာန်းထားပြီးသား ဥပဒေတစ်ရပ်ကို ကျနေ်ာတို့ ဆက်လက်ဆောင်ရွက်တာဖြစ်တဲ့ အတွက် ဥပဒေနဲ့ထပ်မညီပါဘူး၊ ဒါကြောင့်မို့ ကျနော်က ဥပမာလေးပေးပြီးတော့ မီးဆိုတာ ပူပြီးသားဖြစ်ပါတယ်၊ ဒါကို မီးဆိုတာ ပူသလား မပူသလားလို့ မဲခွဲသလိုဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျနော်နှစ်ကြိမ် ကန့်ကွက်ခြင်းဖြစ် ပါတယ်"
အမျိုးသားလွှတ်တော်ဥက္ကဌကတော့ နည်းဥပဒေမှာ ပြဌာန်းထားတာ မရှိတဲ့ကိစ္စတွေ ပေါ်ပေါက်လာတဲ့အခါ ဒါမှမဟုတ် နည်းဥပဒေအတိုင်း ဆောင်ရွက်ရာမှာ အခက်အခဲ တစ်စုံတရာကြုံတွေ့လာရင် လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူရမယ်ဆိုပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ယူပြီး အတည်ပြုဖို့ ဆက်လက်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
မူလဥပဒေကြမ်းမှာ ဆန္ဒဖော်ထုတ်ရင် ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့်ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းရှိပါက ဖော်ပြရန်သာပါရှိပြီး အမျိုးသားလွှတ်တော်က အမည်နဲ့ လိပ်စာအပြည့်အစုံပါဖော်ပြရမယ်ဆိုပြီး ဖြည့်စွက် အတည်ပြုလိုက်တာပါ။
ဒါ့ပေမဲ့ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရား တို့ကို ပျက်ပြားစေရန် ငွေကြေး ဒါမှမဟုတ် ပစ္စည်းတစ်စုံတရာပေးပြီး လှုံ့ဆော်တာ၊ သွေးဆောင်တာတွေ မလုပ်ဆောင်ဖို့ ပါရှိပါတယ်။
ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးရမှာဖြစ်ပါတယ်။
အဲဒီအချက်တွေကို ဖောက်ဖျက်ရင် ထောင်ဒဏ် ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ်ဆိုပြီး မူလဥပဒေကြမ်းမှာ ဖော်ပြထားပေမယ့် အတည်ပြုချက်မှာတော့ ထောင်ဒဏ် ၂ နှစ်လို့ ပြင်ဆင်လိုက်ပါတယ်။