ခိုလှုံခွင့်တောင်းသူတွေကို အကာကွယ်ပေးဖို့ ထိုင်းအစိုးရကို လူ့အခွင့်အ​ရေးအဖွဲ့တွေ တိုက်တွန်း

NSM အဖွဲ့ဟာ ဒုက္ခသည်တွေကို အကာကွယ်ပေးရမဲ့အစား ဥပဒေမဲ့ ဖမ်းတာ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

၂ဝ၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်က မြန်မာနိုင်ငံသားများနေထိုင်သည့် အိမ်ရာကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့စဉ်။ Citizen Journalist

ထိုင်းအစိုးရ အမျိုးသားစိစစ်ရေးအဖွဲ့ (NSM )အနေနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိပြီးနောက် အကာအကွယ်ပေးဖို့၊ လျှောက်ထားတဲ့ ဒုက္ခသည်တွေကို ဖမ်းဆီးအရေးယူတာတွေ မလုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေဖြစ်တဲ့ Fortify Rights၊ Human Rights Watch နဲ့ ဒုက္ခသည်တွေကို အကူညီပေးနေတဲ့ အဖွဲ့ရှစ်ဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

လက်ရှိမှာ NSM အဖွဲ့ဟာ မူလတာဝန်ဖြစ်တဲ့ ဒုက္ခသည်အဖြစ် နေထိုင်ခွင့် လျှောက်ထားလာသူတွေကို စိစစ်ပြီး အကာကွယ်ပေးရမဲ့အစား ဥပဒေမဲ့ ဖမ်းဆီးတာ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒီလုပ်ရပ်တွေဟာ ဥပဒေအရ အကာကွယ်ပေးထားတဲ့ ဒုက္ခသည်တွေရဲ့ ရပိုင်ခွင့်တွေကို ချိုးဖောက်ရာရောက်ကြောင်းလည်း ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရအနေနဲ့ ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာဥပဒေလုပ်ထုံးတွေကို လေးစားလိုက်နာတဲ့အနေနဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူတွေကို တရားမဝင်ခိုးဝင်နေထိုင်မှုနဲ့ အရေးမယူသင့်ပါဘူးလို့လည်း ဆိုပါတယ်။

နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူတွေကို စိစစ်ဆုံးဖြတ်ပေးရမဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းတွေကို ၂ဝ၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး အဲဒီအချက်တွေကို စက်တင်ဘာ ၂၂ ရက်နေ့က စပြီး တရားဝင် အကျိုးသက်ရောက်စေရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့် ထိုင်းအာဏာပိုင်တွေနဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို လိုက်နာသင့်ကြောင်း ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org