အာဆီယံအစည်းအဝေးကို စစ်ကောင်စီ ကိုယ်စားလှယ် စေလွှတ်

လာအိုမှာ ပြုလုပ်နေတဲ့ အာဆီယံအစည်းအဝေးကို တက်ရောက်ဖို့ စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို စေလွှတ်ထားတယ်လို့ ဂျပန်အခြေစိုက် Kyodo News က ဖော်ပြပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က ပြုလုပ်နေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တွေ့ရစဉ်။ Facebook/ASEAN

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို တက်ရောက်ဖို့ စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို စေလွှတ်ထားတယ်လို့ သတင်းရင်းမြစ်တွေကိုကိုးကားပြီး ဂျပန်နိုင်ငံအခြေစိုက် Kyodo News က မနေ့ကဖော်ပြပါတယ်။

သူဟာ ဇူလိုင် ၂၅ ရက်နေ့မှာ ပြုလုပ်မဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တက်ရောက်မဲ့ အာဆီယံဒေသဆိုင်ရာဖိုရမ်ကို တက်ရောက် ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ မတ်လမှာ ပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတွေပြီးနောက် အာဆီယံအစည်းအဝေးပွဲတွေကို စစ်ကောင်စီဘက်က နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ အကြီးတန်း အစိုးရအရာရှိတစ်ဦး စေလွှတ်လာတာ အခုတစ်ကြိမ်နဲ့ဆို သုံးကြိမ်မြောက် ဖြစ်ပါတယ်။

အာဆီယံအသင်းက အာဏာသိမ်းစစ်တပ်ကို အရေးယူတဲ့အနေနဲ့ အဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းအရာရှိတွေ မတက်ရောက်ဖို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက ပိတ်ပင်ထားတာပါ။

ဒါကို သပိတ်မှောက်တဲ့အနေနဲ့ စစ်ကောင်စီက အာဆီယံအစည်းအဝေးတွေကို နှစ်နှစ်ကျော် ကိုယ်စားလှယ် လုံးဝမလွှတ်ဘဲထားခဲ့ရာက အခုပြန်လည်စေလွှတ်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးဟာ လာအိုင်နိုင်ငံ ဗီယန်ကျင်းမြို့ မှာ ဒီတစ်ကြိမ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း မြန်မာနိုင်ငံကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးမှာ အဖွဲ့ဝင်နိုင်ငံတွေ ပိုပြီးပါဝင်ကြဖို့ ဆွေးနွေးကြလိမ့်မယ်လို့ Kyodo News က ဖော်ပြပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့ပေါင်း သုံးရာကျော်ကတော့ စစ်ကောင်စီကို တက်ခွင့်မပေးဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေကိုပဲ တက်ခွင့်ပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာဆီယံခေါင်းဆောင်တွေဆီ အိတ်ဖွင့်စာပို့ တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org