မြန်မာ့အရေး ထိုင်းရဲ့ ဆောင်ရွက်မှု အာဆီယံ လက်ခံ

မြန်မာပြည်တွင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ဆောင်ရွက်မှုတွေကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအားလုံးက လက်ခံတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးအား တွေ့ရစဉ်။ AFP Photo

မြန်မာပြည်တွင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ဆောင်ရွက်မှုတွေကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအားလုံးက လက်ခံတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရက်စ်ဂျာလီဂျန်ဒရာ ( Russ Jalichandra ) က အောက်တိုဘာ ၁၅ မှာ ပြောကြားကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

မြန်မာ့အရေး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ထိုင်းနိုင်ငံက လာမဲ့ ဒီဇင်ဘာလထဲမှာ လက်ခံကျင်းပဖို့ ရှိနေတာပါ။

ထိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်သူတွေက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တဲ့ သဘောဖြစ်မှာကို စိုးရိမ်နေတဲ့အပေါ် ရက်စ်ဂျာလီဂျန်ဒရာ အခုလို တုံ့ပြန်ဖြေကြားခဲ့တာလို့ ဆိုပါတယ်။

မြန်မာ့အရေးကို ဖြေရှင်းရာမှာ ဂရုတစိုက်ကိုင်တွယ်ဖို့ လိုအပ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ ညှိနှိုင်းတိုင်ပင်ဖို့ လိုတယ်လို့ ရက်စ်ဂျာလီဂျန်ဒရာ ကပြောပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ အလွတ်သဘော အစည်းအဝေး အပါအဝင် ထိုင်းအစိုးရရဲ့ ဆောင်ရွက်မှုတွေကို အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံးက လက်ခံတယ်လို့လည်း ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ မတိုင်ပင်ဘဲ ဆောင်ရွက်မှုတွေဟာ အပြုသဘော မဆောင်နိုင်သလို ကြားဝင်စွက်ဖက်တဲ့ သဘောဆောင်သွားနိုင်တယ်လို့လည်း ရက်စ်ဂျာလီဂျန်ဒရာက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ လတ်တလောကျင်းပနေတဲ့ ကမ္ဘာ့နိုင်ငံပေါင်းစုံက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ Inter-Parlimentary Union (IPU) ညီလာခံမှာ မြန်မာ့အရေးဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုတွေမှာလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အဟန့်အတားဖြစ်ဖို့ ကြိုးပမ်းတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အခုနှစ် IPU ညီလာခံမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးဖို့ ယူကရိန်းနိုင်ငံက အဆိုပြုထားပြီး ညီလာခံမှာဆွေးနွေးဖို့ ထောက်ခံမှုရရှိရင် ဆွေးနွေးမှုစတင်ဖို့ ရှိနေပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ IPU ညီလာခံမှာ မြန်မာအရေး ဆွေးနွေးဖို့အတွက် ထောက်ခံသွားဖို့ရှိတယ်လို့ ထိုင်းလွှတ်တော် အမတ်တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

IPU ညီလာခံကို ဂျီနီဗာမြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့က ၁၈ ရက်နေ့အထိ ကျင်းပသွားဖို့ရှိနေပြီး ဆူဒန်နဲ့ ကွန်ဂိုနိုင်ငံတွေက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို အဓိကဆွေးနွေးသွားဖို့ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org