သိမ်ဇရပ်မှာ လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ ဇူလိုင်လ ၂၂ ရက်နေ့က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ရွာလေးကျေးရွာတွင် လက်နက်ကြီးစ ထိမှန်ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ ဇူလိုင်လ ၂၂ ရက်နေ့က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိမ်ဇရပ်မြို့ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးဟာ သိမ်ဇရပ်မြို့ ရွာလေးပိုင်းရပ်ကွက်ထဲက နေအိမ်အနီးကို ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာလေးပိုင်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် ဦးကိုလင်းဆိုသူ နေရာမှာတင် သေဆုံးခဲ့ပြီး သူ့ရဲ့ အမျိုးသမီးဖြစ်သူနဲ့ တခြား အိမ်နီးချင်းတစ်ဦးက ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သိမ်ဇရပ်ဒေသခံတစ်ဦး RFA ကို ပြောပါတယ်။

"ဇူလိုင်လ ၂၂ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ ရွာလေးပိုင်းရပ်ကွက်အတွင်းက အိမ်အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးကျတာ၊ အမျိုးသားတစ်ဦး သေဆုံးတယ်။ သူ့မိန်းမကို ထိမှာကြောက်လို့ ဝင်ကာရင်းနဲ့ သူ့ကို ထိတာ"

အဲဒီနေ့မှာပဲ သိမ်ဇရပ်နယ်မြေရဲစခန်းကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က သိမ်ဇရပ်နယ်မြေ ရဲစခန်းအနီးမှာရှိတဲ့ ရွာလေးပိုင်းရပ်ကွက်ထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လကလည်း သိမ်ဇရပ်အခြေစိုက် အမြှောက်တပ် အမတ - ၃၁၀ ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်းမှာ သေဆုံးသူ ၆၆၂ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူ ၁၄၉၂ ဦးအထိ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org