ပေါက်တောမှာ လက်နက်ကြီးကြောင့် ဒေသခံသုံးဦး ဒဏ်ရာရ

AA သိမ်းထားတဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ဧပြီလ ၂၅ ရက်နေ့က စစ်ကောင်စီရဲ့ ရေတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံသုံးဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို ၂၀၂၃ ခုနှစ်၊ မေလအတွင်းတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီးတွင် တွေ့ရစဉ်။ Facebook/ The Akyab Post

ရက္ခိုင့်တပ်တော် (AA) သိမ်းထားတဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ဧပြီလ ၂၅ ရက်နေ့က စစ်ကောင်စီရဲ့ ရေတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံသုံးဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တွေမှာရှိတဲ့ ရေတပ်ကနေ ပေါက်တောမြို့ဘက်ကို လက်နက်ကြီးနဲ့ ဆယ်ကြိမ်ထက်မနည်း ပစ်ခဲ့တာကြောင့် တောင်ဦးမော်နဲ့ အနောက်ရွာက အသက် ၁၈ နှစ်အောက် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊ စုစုပေါင်းသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပေါက်တောဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"တိုက်ပွဲမဖြစ်လည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်နေတာပဲ။ အခုဟာလည်း ဘာတိုက်ပွဲမှမရှိဘူး။ ရေတပ်ကနေ ညနေဘက်ကြီးကို လှမ်းပစ်တာပါ။ AA သိမ်းထားတဲ့မြို့တွေကို နှစ်ရက်ခြား တစ်မြို့လောက်နီးနီးကို လေကြောင်းနဲ့ လာပစ်တယ်။ လက်နက်ကြီးနဲ့လည်း ပစ်တယ်"

တောင်ဦးမော်ရွာက နေအိမ်သုံးလုံးလည်း ပျက်စီးခဲ့ပြီး ဒဏ်ရသူတွေကတော့ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မှုပြင်ပရောက်နေတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဧပြီလ ၂ ရက်နေ့ကလည်း စစ်တွေမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၁၂) ရဲတပ်ရင်းကနေ ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ပေါက်တောမြို့နယ် မော်ထုပ်ကြီးရွာခံ ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org