နွားထိုးကြီးမှာ လက်နက်ကြီးကြောင့် ဇနီးမောင်နှံနှစ်ဦး သေဆုံး
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲရွာကို အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ဇနီးမောင်နှံနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-10-29 -
-
-
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲရွာကို အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ဇနီးမောင်နှံနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီခန့်မှာ နွားထိုးကြီးမြို့ရဲ့ တောင်ဘက် တစ်မိုင်ကျော်ဝေးတဲ့ ထနောင်းပင်လဲရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးလုံးလုံး ပစ်ခတ်ချိန် နေအိမ်အနီး ကျရောက်ပေါက်ကွဲပြီး အသက် ၅၀ ကျော်အရွယ်တွေဖြစ်တဲ့ ဦးလှရှိန်နဲ့ ဒေါ်ရွှေမြတို့ ဇနီးမောင်နှံ နှစ်ဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"နှစ်ယောက်လုံးက တန်းသေတာဗျ။ မိန်းမဖြစ်တဲ့သူက ခေါင်းပွင့်သွားတာ။ ယောက်ျားက ခဏနေတော့ သေတာ။ သူတို့က နွားထိုးအထွက် တောင်သာလမ်းဘေး စျေးဆိုင်လေးတွေမှာ နေကြတာ။ အများသောအားဖြင့်ကတော့ ၆၀ မမတွေနဲ့ ပစ်တာများတယ်"
စစ်ကောင်စီတပ်ဟာ နွားထိုးကြီးမြို့ပေါ် နေရာ လေးနေရာခန့်မှာ အထိုင်ချတပ်စွဲထားပြီး မြို့အပြင်ဘက်တွေကို ညတိုင်းလိုလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းကလည်း နွားထိုးကြီးမြို့တောင်ဘက် လေးမိုင်ကျော်ဝေးတဲ့ အောင်ပန်းကုန်းရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူအထိအခိုက်မရှိပေမဲ့ နွားခုနစ်ကောင်သေဆုံးခဲ့တယ်လို့ နွားထိုးကြီးဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်းထဲက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေမှာ မြင်းခြံခရိုင် စစ်ဆင်ရေးအဖြစ် သြဂုတ်လ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း အဲဒီမြို့နယ်တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတာပါ။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ကလည်း ထနောင်းပင်လဲရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းဆောင်နဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ နွားထိုးကြီးဒေသခံတွေက ပြောပါတယ်။