တရုတ်နိုင်ငံပိုင်နက်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ
မြန်မာ-တရုတ်နယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျည်နှစ်လုံးဟာ တရုတ်နိုင်ငံပိုင်နက်ကို မတ်လ ၂၇ ရက်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-03-27 -
-
-
မြန်မာ-တရုတ်နယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျည်နှစ်လုံးဟာ တရုတ်နိုင်ငံပိုင်နက်ကို မတ်လ ၂၇ ရက်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ် လွယ်ဂျယ်-ဗန်းမော် ကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်စခန်းတွေကို KIA က မတ်လ ၂၆ ရက်ညမှာ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ တရုတ်နိုင်ငံဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က KIA တပ်မဟာ (၃) ဌာနချုပ်ရှိတဲ့ မိုင်ဂျာယန်မြို့ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ချိန်မှာ တရုတ်နိုင်ငံ ကျန်းဟောင်းမြို့ဘက် နယ်စပ်မှတ်တိုင်-၄၆ အနီး ကျရောက်ပေါက်ကွဲတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မနက်ကလည်း လက်နက်ကြီးပစ်နေတယ်။ ၁၂ နာရီလောက်မှာ ခဏနားတယ်။ အခုအသံပြန်ကြားနေရပြီ။ မိုင်ဂျာယန်မှာလည်း ကျတယ်။ တရုတ်ပြည် နှစ်လုံးကျတယ်။ လူထိတာတော့မရှိဘူး"
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးမှုမရှိဘူးလို့ သူက ပြောပါတယ်။
ဒါပေမဲ့ မိုင်ဂျာယန်-တရုတ် နယ်စပ်ဝင်ပေါက်ကိုတော့ တရုတ်နိုင်ငံက မတ်လ ၂၇ ရက် နေ့လယ်မှာ ပိတ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံဘက်ခြမ်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာနဲ့ပတ်သက်လို့ ရန်ကုန်မြို့က တရုတ်သံရုံကို RFA က အီးမေးလ်ပို့ပြီး မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။
လက်ရှိမှာ လွယ်ဂျယ်-ဗန်းမော် ကားလမ်းဘေးက စိန်လုံဗျူဟာကုန်းအပါအဝင် တပ်စခန်း ခုနစ်ခုကို KIA က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
မတ်လ ၂၇ ရက် နေ့လယ်ပိုင်းမှာ တပ်စခန်းသုံးခုကို သိမ်းလိုက်ပြီလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"ဒီနေ့ သိမ်းတာက စခန်း သုံးခုပေါ့။ ကချင်အခေါ်ဆိုရင် လော့မွန် တပ်စခန်း၊ ရှန်းတိုင်း တပ်စခန်း၊ ဘန်ယောင်း တပ်စခန်း တွေဖြစ်ပါတယ်။ အဲဒါတွေက မိုင်ဂျာယန်နဲ့ လွယ်ဂျယ်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ စခန်းတွေ ဖြစ်ပါတယ်"
ဒီတပ်စခန်းတွေဟာ မိုင်ဂျာယန်နဲ့ လွယ်ဂျယ်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်က မတ်လ ၈ ရက်မှာ လိုင်ဇာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာ တရုတ်နိုင်ငံဘက်ခြမ်းကို သုံးလုံးကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံးမီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ နန်ဆန်ကျေးရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသားငါးဦး ဒဏ်ရာရခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဇန်နဝါရီလ ၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။