မုံရွာမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရ
မုံရွာမြို့နယ် ရွာတုံရွာထဲ ဇွန်လ ၁၁ ရက်နေ့ ညနေက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရခဲ့ပါတယ်။
-
RFA Burmese
2024-06-11 -
-
-
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ရွာတုံရွာထဲ ဇွန်လ ၁၁ ရက်နေ့ ညနေက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၁၃ နှစ်အရွယ် ကလေးက ဦးခေါင်းကို လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့တာပါ။ အသက် လေးနှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးနဲ့ ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
လေးနှစ်အရွယ်ကလေးက မုံရွာဆေးရုံကြီး ရောက်ရှိနေပေမဲ့ ဒဏ်ရာပြင်းထန်တဲ့အတွက် စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ခေါင်းမှန်တဲ့ ကလေးက ဆေးရုံသွားတဲ့လမ်းမှာတင် ဆုံးသွားတာ။ လေးနှစ်အရွယ် ကလေးကို (မုံရွာ) ပြည်သူ့ ဆေးရုံတင်ထားတာကို ထောက်ခံချက် မပါလို့ဆိုပြီးတော့ ကလေးကိုပစ်ထားတာ။ ယမ်းဆိပ်တက်နေတာ။ ခုချိန်ထိ မကုရသေးဘူး။ စိုးရိမ်ရပါတယ်”
လက်နက်ကြီးကို မုံရွာ စီးပွားရေးတက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရပါဘူး။
ဇွန် ၄ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထနောင်းတော (တောင်) ရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။