ရိုဟင်ဂျာ တိုင်းရင်း သားဖြစ်ကြောင်း ရေးသားပြက္ခဒိန် ထုတ်ဝေမှု ၄ ဦး ဖမ်းဆီးခံရ
ရိုဟင်ဂျာဟာ တိုင်းရင်းသားတွေဖြစ် တယ်လို့ ရေးသားဖော်ပြ ထားပြီး၊ မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာနဲ့ ပြက္ခဒိန် ရိုက်နှိပ်ထုတ်ဝေသူ ၅ ဦးထဲက ၄ ဦးကို ဖမ်းဆီးထားပြီး တာဝန်ခံဖြစ်သူ ဦးအောင်ခင်(စစ်တွေ) ဆိုသူကတော့ ရှောင်တိမ်းနေတယ် လို့ သိရပါတယ်။
-
2015-11-25 -
-
-
ရိုဟင်ဂျာဟာ တိုင်းရင်းသားတွေဖြစ်တယ်လို့ ရေးသားဖော်ပြထားပြီး၊ မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာ နဲ့ ပြက္ခဒိန် ရိုက်နှိပ်ထုတ်ဝေသူ ၅ ဦးထဲက ၄ ဦးကို ဖမ်းဆီးထားပြီး တာဝန်ခံဖြစ်သူ ဦးအောင်ခင် (စစ်တွေ) ဆိုသူကတော့ ရှောင်တိမ်းနေတယ်လို့ သိရပါတယ်။
ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ ဦးအောင်ခင် (စစ်တွေ) ကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်လတ်က ပြောပါတယ်။
"ဒီပြက္ခဒိန်ကို စီမံဆောင်ရွက်တဲ့ အဓိကတရားခံက စစ်တွေ အောင်ခင် ဖြစ်ပါတယ်၊ လောလောဆယ် သူကတိမ်းရှောင်နေပါတယ်"
သူတို့ငါးဦးကို ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ပုဒ်မအပြင် ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ပါ တရားစွဲထားတာလို့ သိရပါတယ်။
အဲဒီ ပြက္ခဒိန်တွေကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က “ကျော်” ပုံနှိပ်တိုက်မှာ ရိုက်နှိပ်တာဖြစ်ပြီး တိုက်ကိုလည်း ပိတ်လိုက်တယ်လို့ သိရပါတယ်။
ပိုင်ရှင်အပါအဝင် လေးဦးကို နိုဝင်ဘာ ၂၃ ရက်နေ့က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ ပုဒ်မ-၂၀ နဲ့ ရဲတပ်ဖွဲ့က ပုဇွန်တောင်မြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့ရာမှာ၊ တရားရုံးက တစ်ဦးကို ဒဏ်ငွေ ကျပ် ၁၀ သိန်းစီ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာနဲ့ ထုတ်ဝေဖို့ ရိုက်နှိပ်ထားတဲ့ ပြက္ခဒိန်မှာ ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာ တိုင်းရင်းသားတွေဖြစ်တဲ့ ဆိုတဲ့ ရုပ်ပုံစာသားတွေနဲ့ သမိုင်းအထောက်အထားအချို့ကိုလည်း ဖော်ပြထားတာလို့ သိရပါတယ်။
လက်ရှိမှာတော့ "ကျော်"ပုံနှိပ်တိုက်ပိုင်ရှင်အပါအဝင် ကျန် ၄ဦးကို အင်းစိန်ထောင်မှာထားရှိပြီး၊ အဓိက တရာခံ ဦးအောင်ခင် (စစ်တွေ)ကိုတော့ တရားခံပြေးအဖြစ် သတ်မှတ်ထားပါတယ်။
လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာတော့ တရားခံတွေကို ရုံးထုတ်စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။