ဗန်းမော်မှာ သင်းအုပ်ဆရာအပါအဝင် စစ်ဘေးဒုက္ခသည် ၁၇ ဦး ဖမ်းဆီးခံရ
ဗန်းမော်မြို့ နှစ်ခြင်းဘုရားကျောင်းထဲမှာရှိတဲ့ ရောဘတ် (Robert) စစ်ဘေးဒုက္ခသည်စခန်းက သင်းအုပ်ဆရာတစ်ဦးအပါအဝင် လူလတ်ပိုင်း အမျိုးသား (၁၇) ဦးကို စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
-
RFA Burmese
2024-03-09 -
-
-
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ နှစ်ခြင်းဘုရားကျောင်းထဲမှာရှိတဲ့ ရောဘတ် (Robert) စစ်ဘေးဒုက္ခသည်စခန်းက သင်းအုပ်ဆရာတစ်ဦးအပါအဝင် လူလတ်ပိုင်း အမျိုးသား (၁၇) ဦးကို မတ်လ ၁၀ ရက် ဒီနေ့မနက်အစော တစ်နာရီကျော်မှာ စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန် ဗန်းမော်ဇုံနယ် ဖွံ့ဖြိုးရေးဌာနတာဝန်ခံ သင်းအုပ်ဆရာ ထိန်နန်နော်နဲ့ ဒုက္ခသည်စခန်းက လူလတ်ပိုင်းတွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဒီမနက် တစ်နာရီကျော်လောက်မှာ အကုန်ပတ်စစ်ပြီးဖမ်းသွားတာ။ ဆရာထိန်နန်နော်အပါ ၁၇ ယောက်ကို ဖမ်းသွားတာ။ လွန်ခဲ့တဲ့နှစ်ရက်ကပဲ ဗန်းမော်ဇုံနယ်မှာဖွင့်ထားတဲ့ ကျမ်းစာကျောင်းက ကျောင်းသားနှစ်ယောက်ကိုလည်း ဖမ်းထားတယ်။ သူတို့အကုန်လုံးကို စစ်တပ်ကိုပဲခေါ်သွားတာ။ ဘာကြောင့် ဖမ်းဆီးသွားတာလည်း မသိဘူး။ မနေ့ကတော့ ရောဘတ်စခန်းမှာစစ်တယ်။ အရင်ညတွေကတော့ ဗန်းမော် နှစ်မိုင်ဘက် ဝင်စစ်တယ် အဲဒီဘက်ကလူတွေလည်း ဖမ်းခံရတာရှိတယ်”
ဖမ်းဆီးခံရသူတွေကို ရောဘတ် စစ်ဘေးဒုက္ခသည်စခန်းအနီးက အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ရောဘတ် စစ်ဘေးဒုက္ခသည်စခန်းမှာနေထိုင်တဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးကလည်း အခုအဖမ်းခံရသူအများစုဟာ အသက် ၂၀ ကျော်နဲ့ ၃၀ ကျော်အရွယ် အမျိုးသားတွေဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“ဖမ်းဆီးခံရတဲ့သူတွေက ကျွန်မသိတာက လူလတ်ပိုင်းတွေပဲ ၂၀ ကျော် ၃၀ ကျော်အရွယ်တွေပဲ ခေါ်သွားတာ။ လူငယ်တွေလည်းပါတယ်။ အိမ်ထောင်ရှိ အမျိုးသားတွေလည်း ပါတယ်။ အခုလိုဖြစ်လာတော့ စစ်ဘေးဒုက္ခသည်စခန်းက လူတွေလည်း အကုန်လုံးကြောက်နေတယ်”
ရောဘတ် စစ်ဘေးဒုက္ခသည်စခန်းဟာ စစ်ဘေးဒုက္ခသည် သုံးထောင်ကျော် နေထိုင်နေတဲ့စခန်းဖြစ်ပါတယ်။
အခုလိုဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းကို RFA ကဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ကချင်ပြည်နယ် မြစ်ကြီနား- ဗန်းမော်လမ်းပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေပြီး ဗန်းမော်မြို့က စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။