တရုတ်နိုင်ငံသား ၁၈ ဦး အပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၄၅ ဦးကို အရေးယူထားကြောင်း စစ်ကောင်စီပြော
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာမှာ ဒီဇင်ဘာလ ၂ ရက်နေ့က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) နဲ့ ဆက်စပ်ပြီး ဖမ်းဆီးရမိထားတဲ့ တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ မြန်မာနိုင်ငံသား ၂၇ ဦးတို့ကို အမှုဖွင့်အရေးယူထားတယ်လို့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-12-06 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာမှာ ဒီဇင်ဘာလ ၂ ရက်နေ့က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) နဲ့ ဆက်စပ်ပြီး ဖမ်းဆီးရမိထားတဲ့ တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ မြန်မာနိုင်ငံသား ၂၇ ဦးတို့ကို အမှုဖွင့်အရေးယူထားတယ်လို့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးထားသူတွေကို တန့်ယန်း မြို့မရဲစခန်းမှာ ဆက်သွယ်ရေးဆိုင်ရာ ဥပေဒေပုဒ်မ - ၃၃ (က)၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ - ၁၃ (၁) နဲ့ အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လုပ်ငန်းသုံးပစ္စည်းတွေဖြစ်တဲ့ Star Link အင်တာနက်စက်၊ လက်ကိုင်ဖုန်းအမျိုးမျိုးနဲ့ ကွန်ပျူတာတွေအပြင် လက်နက်ခဲယမ်းတွေကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့ အမည်မဖော်လိုသူတစ်ဦးကတော့ အာဏာသိမ်းပြီးနောက် ငွေလိမ်လုပ်ငန်းတွေဟာ အလုံးအရင်းနဲ့ ဝင်ရောက်လာတယ်လို့ RFA ကို ပြောပါတယ်။
"ရှမ်းမြောက်ကတော့ အဆိုးဆုံးထဲမှာ ပါတာပေါ့။ အွန်လိုင်းလောင်းကစား၊ ငွေလိမ်လုပ်ငန်း ဒါတွေအကုန်လုံးက နိုင်ငံရေးမကောင်းတာကို အခွင့်ကောင်းယူပြီး အလုံးအရင်းနဲ့ကို ဝင်လာတာ။ ဘယ်လိုနှိမ်နင်းပါစေ လျော့မသွားဘူးလို့ ခံစားရတယ်"
တန့်ယန်းမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီဇင်ဘာလ ၃ ရက်နေ့ကတည်း အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့အထိ တစ်စုံတစ်ရာ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
အလားတူ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း တန့်ယန်းမြို့နယ်က အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ လူတစ်ထောင်ကျော်ကို UWSA “၀” တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အဲဒီနေ့မှာပဲ ဖမ်းဆီးရမိတဲ့အထဲမှာပါဝင်တဲ့ တရုတ်နိုင်ငံသား ခုနစ်ရာကျော်ကို “၀” တပ်ဖွဲ့က တရုတ်နိုင်ငံဘက်ကို ပြန်လွှဲပေးခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နဲ့ မင်္ဂလာမူဆယ်ရပ်ကွက်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းမှာပါဝင်တဲ့ တရုတ်နိုင်ငံသား ၂၄၇ ဦးနဲ့ မြန်မာနိုင်ငံသား ငါးရာကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းမိတဲ့သူတွေကို စစ်ကောင်စီဘက်က ဆက်သွယ်ရေးဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ အမှုဖွင့်ခဲ့ပြီး တရုတ်နိုင်ငံသားတွေကိုတော့ မူဆယ်နယ်စပ်ကနေ တရုတ်နိုင်ငံကို ရက်ပိုင်းအတွင်းမှာပဲ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။