တရုတ်နယ်စပ်မှ အလုပ်သမား ၁၀၀ ကျော် တရားမဝင်နေထိုင်မှုနဲ့ အဖမ်းခံရ

မြန်မာ-တရုတ် နယ်စပ် တရုတ်ပြည်ထဲမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား တစ်ရာကျော်ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

မြန်မာ-တရုတ် နယ်စပ်ဂိတ်ကို တွေ့ရစဉ် Photo: Kan Thar/ RFA

မြန်မာ-တရုတ် နယ်စပ် တရုတ်ပြည်ထဲမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား တစ်ရာကျော်ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ နမ့်ဆန်နဲ့ သီပေါမြို့နယ် ကျေးရွာတွေက တအာင်းလူငယ် အယောက် ၄၀ ကျော်လောက်ရှိပြီး နိုဝင်ဘာလ ၂၅ နဲ့ ၂၆ ရက်တွေက မန်စီနဲ့ ရွှေလီမြို့တွေမှာ အဖမ်းခံရတာလို့ တအာင်းဥပဒေ အထောက်အကူပြုရေးအဖွဲ့ က မိုင်းမျိုးအောင်က RFA ကို ဒီနေ့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေက မကြာမကြာ ဖြစ်ပွားနေပြီး အလုပ်အကိုင်လည်း ရှားပါးနေလို့ လူငယ်အတော်များများဟာ တရုတ်ပြည်ထဲမှာ ပန်းရံ၊ ကြံစိုက်စတဲ့ အလုပ်ကြမ်းတွေကို သွားရောက် လုပ်ကိုင်ကြတာလို့ ပြောပါတယ်။

အဖမ်းခံထားရသူတွေဟာ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ပြီး တရုတ်အာဏာပိုင်တွေရဲ့ စီမံချက်နဲ့ အဖမ်းအဆီးကာလမှာ အခုလို အစုလိုက်အပြုံလိုက် အဖမ်းခံရတာလို့ သိရပါတယ်။

တရုတ်ပြည်ထဲကို သွားမယ်ဆိုရင် တရုတ်ယွမ် ၁၀၀ ကျော် (မြန်မာငွေကျပ် ၂ သောင်းလောက်နဲ့) တစ်ပတ်လောက် နေခွင့်ရပြီး သက်တမ်းတိုးဖို့အတွက် သူတို့အလုပ်တဲ့နေရာဟာ ရွာတွေဖက်ကို ရောက်နေချိန်နဲ့ ခရီးဝေးတာတွေကြောင့် သက်တမ်းမတိုးမိလို့ ဖြစ်ရတာလို့လည်း မိုင်းမျိုးအောင်က ပြောပါတယ်။

သူတို့တွေ ပြန်လွတ်လာရေးအတွက် မူဆယ်မြို့က ဌာနဆိုင်ရာတွေထံ သွားရောက်တင်ပြဖို့ စီစဉ်နေ တယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့လိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org