ပေါင်းတည် ဆန္ဒပြခေါင်းဆောင် (၃) ဦးကို တရားစွဲဆို

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့မှာ ပြီးခဲ့တဲ့သြဂုတ်လ ၂၈ ရက်နေ့မှာ ဆန္ဒပြခဲ့ကြသူတွေထဲက ၃ ဦးကို မြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ တရားမဝင်စီတန်းလှည့်လည်မှုနဲ့ တရားစွဲလိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့မှာ ပြီးခဲ့တဲ့သြဂုတ်လ ၂၈ ရက်နေ့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဦးကို မြို့ခံ တစ်ရာခန့်က ဆန္ဒပြနေကြစဉ်။ Photo:RFA/Win Naing

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့မှာ ပြီးခဲ့တဲ့သြဂုတ်လ ၂၈ ရက်နေ့မှာ ဆန္ဒပြခဲ့ကြသူတွေထဲက ၃ ဦးကို မြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ တရားမဝင်စီတန်းလှည့်လည်မှုနဲ့ တရားစွဲလိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပေါင်းတည်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဦးကို ပေါင်း တည်မြို့ခံ တစ်ရာကျော်လောက်က ဆန္ဒပြခဲ့ကြရာမှာ ဦးဆောင်ခဲ့သူ ကိုစောနိုင်၊ ကိုရဲကျော်နိုင်နဲ့ ကိုကျော်ကျော်လွင်တို့ ၃ ဦးကို တရားစွဲဆိုလိုက်တာပါ။

တရားစွဲခံထားရတဲ့ ကိုစောနိုင်က RFA ကို အခုလိုပြောပါတယ်။

"လွှတ်တော် အသံ ပြည်သူ့အသံ၊လွှတ်တော် ဆန္ဒ ပြည်သူ့ဆန္ဒဆိုတာ အင်မတန်ဝမ်းသာစရာကောင်းပါတယ်။လက်ရှိမှာတော့ အောက်ခြေမှာ ပြည်သူ့ဆန္ဒ ခွင့်ပြုချက်မရ၊ပြည်သူ့အသံ ထောင်ဒဏ် ငွေဒဏ်ဆိုတာ လူထုအတွက် အင်မတန်ဝမ်းနည်းဖွယ်ရာ ကောင်းနေပါတယ်။ပုဒ်မ ၁၈ က ပြည်သူလူထုမှာ ကန့်သတ် ချုပ်ချယ်တဲ့ ပုဒ်မဖြစ်တယ်လို့ ထင်ပါတယ်"

အဲဒီနေ့က ဆန္ဒပြသူတွေဟာ ပေါင်းတည်မြို့နယ်ပြည်သူ့ဆေးရုံးကို ဝန်ထမ်းဖွဲ့စည်းပုံ အပြည့်နဲ့ ပြန်လည်ဖွဲ့စည်းပေးဖို့၊ ပေါင်းတည် မြို့နယ် မော်တော်ယာဉ်ရုံး အဆောက်အဦးကို မူလပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ဖို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အသံကိုနားထောင်ပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။

အဲ့ဒီလို ဆန္ဒပြဖို့အတွက် မြို့နယ်အာဏာပိုင်တွေထံ ခွင့်ပြုချက်တောင်းခံခဲ့ပေမယ့် စွယ်တော်ဘုရားပွဲ နီးကပ်နေတာအပြင် ပုဂ္ဂိုလ်ရေး ဆန္ဒပြပွဲလိုမျိုးဖြစ်နေတာကြောင့် ခွင့်မပြုနိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org