၁၃ ဦး လက်နက်ချကြောင်း AA ထုတ်ပြန်ချက်ကို တပ်က ငြင်းဆို

ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝကျေးရွာဘက်မှာ လက်နက်ချခဲ့တဲ့ အရာရှိ နှစ်ဦးအပါအဝင် တပ်မတော်သား ၁၃ ဦးကို ထိန်းသိမ်းထားတယ်လို့ ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ပါတယ်။

၂၀၁၉၊ နိုဝင်ဘာ ၁၉ နေ့လယ် ၁ နာရီမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကို ရက္ခိုင့်တပ်တော် (AA)က ဖော်ပြထားတာကို တွေ့ရစဥ် Photo: Arakan Army

ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာ အနောက်တောင်ဘက်မှာ တပ်မ (၇၇) လက်အောက်ခံ ခမရ (၃၁၃) က စစ်ကြောင်းတစ်ခုနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ မနေ့က နေ့လယ် ၁ နာရီမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ အေအေရဲ့ မနေ့ညက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မိနစ် ၃၀ ကြာမြင့်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ တပ်မတော်ဘက်က ကိုးဦး ကျဆုံးခဲ့သလို သေနတ် ၁၄ လက်နဲ့ လက်နက်ခဲယမ်း တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီစစ်ကြောင်းမှာပါတဲ့ အရာရှိ နှစ်ဦး အပါအဝင် ၁၃ ဦး လက်နက်ချလို့ ဖမ်းဆီးလိုက်တာလို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

“ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ရှိတဲ့နေရာကို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ကြောင့်မို့လို့ အဲဒီမှာ တိုက်ပွဲအပြင်းအထန်ဖြစ်တာရှိတယ်။ နေ့လယ် ၁ နာရီလောက်ကနေပြီး တိုက်ပွဲစဖြစ်တာ။ ဆိုတော့ နေ့လယ် ၁ နာရီခွဲလောက်မှာတော့ တိုက်ပွဲရပ်သွားတာပေါ့နော်။ အဲဒီတိုက်ပွဲအတွင်းမှာ ရန်သူ့ဘက်က ကိုးဦးကျဆုံးပြီးတော့ လက်နက်ချအညံ့ခံတာကတော့ ၁၃ ယောက်ရှိတယ်ဗျ။ အဲဒီလိုလက်နက်ချတဲ့ ဥစ္စာမှာ ဗိုလ် တစ်ဦးရယ်၊ နောက် အရာခံဗိုလ် တစ်ဦး၊ ပြီးလို့ရှိရင် အခြားအဆင့် ၁၁ ယောက်ပေါ့နော် အကုန်လုံး ၁၃ ယောက်။ အဲဒီ ၁၃ ယောက်ကို ကျွန်တော်တို့ စစ်မြေပြင်ကနေပြီးတော့ လက်ရဖမ်းဆီးရမိတာရှိတယ်”

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က အကြောင်းအရာသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“အဲဒါကတော့ ဟို ၂၀၁၇ ကလောက်ဟာကြီးကို ပြန်တင်ထားတဲ့ဟာကြီးပါဗျ။ အဲဒီဘက်မှာ မနေ့ကတိုက်ပွဲဖြစ်တာမရှိဘူးဗျ။ တိုက်ပွဲဖြစ်တာဆိုလို့ မနေ့က မြေပုံဘက်မှာပဲရှိတယ်”

မနေ့က အဲဒီနေရာဘက်မှာ တိုက်ပွဲဖြစ်၊ မဖြစ်ဆိုတဲ့အချက်ကိုတော့ တယ်လီဖုန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် RFA က သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။

ခိုင်သုခကတော့  သူတို့ရဲ့ စစ်သုံ့ပန်းဆိုင်ရာစည်းမျဉ်းတွေ၊ နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ ထိန်းသိမ်းထားမယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းထားသူ အရေအတွက်ကိုတော့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်လို့ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ပါတယ်။

မကြာသေးခင်ကတော့  ဖမ်းဆီးထိန်းသိမ်းထားတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် ၁၇ ဦး ရှိတယ်လို့  အေအေအဖွဲ့က နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးခံနေရသူတွေ၊ ရက္ခိုင့်တပ်တော်(AA)ဆက်စပ်နေတယ်ဆိုတဲ့ သံသယနဲ့ဖမ်းဆီး ထားသူတွေပြန်လွှတ်ပေးမယ်ဆိုရင် အဲဒီသုံ့ပန်းတွေကိုပါ ပြန်လွှတ်ပေးမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

AA ရဲ့ ကမ်းလှမ်းချက်ကို လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့ အစိုးရနဲ့တပ်မတော်ပြောခွင့်ရသူတွေက တုံ့ပြန်ထားကြပါတယ်။

ဒီတုံ့ပြန်ချက်တွေအပေါ် သဘောထားဘယ်လိုရှိသလဲဆိုတာ ခိုင်သုခကို RFA ကမေးမြန်းခဲ့ပါတယ်။

“သူတို့ရဲ့ ရဲဘော်ရဲဘက်တွေအပေါ်မှာ နော် သူတို့က ဘယ်လောက်အထိ စာနာစိတ်ရှိသလဲ၊ ဘယ်လောက်အထိ ရဲဘော်ရဲဘက်စိတ်ရှိသလဲဆိုတဲ့ဥစ္စာကို ကွက်ကွက်ကွင်းကွင်း ပြည်သူတွေအားလုံး မြင်ရတာပေါ့ဗျာ။ သူတို့ဘက်က လွှတ်မပေးဘူးဆိုလို့ရှိရင်တော့ ကျွန်တော်တို့ကလည်း သူတို့ရဲ့စစ်သုံ့ပန်းတွေကိုတော့ ဆက်လက်ပြီးတော့ ထိန်းသိမ်းထားမှာပေါ့ဗျာ”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အေအေအဖွဲ့ရဲ့ လက်ထဲမှာ ရှိနေတဲ့ သုံ့ပန်းတွေအရေးနဲ့ပတ်သက်လို့ တစ်စုံတရာမှတ်ချက်မပေးလိုဘူးလို့ ပြောပါတယ်။

“ကျွန်တော်ကတော့ အဲဒီဟာကို ဘာမှမှတ်ချက်မပေးလိုဘူး။ ကျွန်တော်တို့ကတော့ နယ်မြေရှင်းလင်းရေးပဲ ဆက်လုပ်မှာပေါ့”

ဒီအတောအတွင်း ရခိုင်ဒေသမှာ နေ့စဉ် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား အများအပြား ထိခိုက်၊ ဒဏ်ရာရနေပါတယ်။ သေဆုံးတဲ့ ဖြစ်ရပ်တချို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ပေါ်ပေါက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း စစ်ပွဲတွေနဲ့ဆက်နွယ်ပြီးတော့ ထွက်ပြေးရသူအရေအတွက်ဟာ အခုလက်ရှိအချိန်အထိ ရှစ်သောင်းခွဲလောက်အထိ ရှိလာနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org