KBC ဓမ္မဆရာမ အပါအဝင် ကချင်တိုင်းရင်းသား ၁၂ ဦးကို တပ်မတော်က ဖမ်းဆီးထား

တရုတ်မြန်မာနယ်စပ် နန့်ဆန်ယန်ကျေးရွာအနီးမှာ ကချင်ခရစ်ယာန်အဖွဲ့ချုပ်က ဓမ္မဆရာမတစ်ဦး အပါအဝင် ကချင်တိုင်းရင်းသား ၁၅ ဦးကို အစိုးရတပ်တွေက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ၁၂ ဦးကို ဒီနေ့အထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ပြောပါတယ်။

အဖမ်းခံရတဲ့ KBC ဓမ္မဆရာမ Chamloiq Hkawng Nyoi ပုံ Photo: Ah Nyoi Chamloiq's FB

ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ် နန့်စမ့်ယန်နယ်စပ်မှာ ကချင်ခရစ်ယာန်အဖွဲ့ချုပ် KBC က ဓမ္မဆရာမတစ်ဦး အပါအဝင် ကချင်တိုင်းရင်းသား ၁၅ ဦးကို ပြီးခဲ့တဲ့ ၅ ရက်လောက်မှာ အစိုးရတပ်တွေက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ၁၂ ဦးကို ဒီနေ့အထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်က RFA ကိုပြောပါတယ်။

ဒီ ၁၅ ဦးကို တရုတ်မြန်မာနယ်စပ်မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်တွေကဖမ်းဆီးတာဖြစ်ပြီး ၃ ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့လည်း သိရပါတယ်။

ဒီဖမ်းဆီးခံရတဲ့ မိသားစုတွေကို တပ်ဘက်က ဖမ်းဆီးထားတာကို အကြောင်းကြားတာမရှိဘဲ ၅ ရက်ကြာ ပြန်မလာတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

ဒီလူတွေဟာ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တွေကဖြစ်ပြီး တရုတ်နယ်စပ်က စစ်ဘေးဒုက္ခသည်စခန်းတွေက ဆွေမျိုးတွေဆီ သွားရောက်တဲ့လူတွေနဲ့ ဆိုင်ကယ်ကယ်ရီသမားတွေလို့လည်း ဒေါက်တာခလမ်ဆမ်ဆွန် ကပြောပါတယ်။

ဒီကချင်တိုင်းရင်းသားတွေ လွတ်မြောက်ဖို့အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့ကနေ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးထံ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီကို ဆက်သွယ်မေးမြန်း ရာမှာတော့ ဒီသတင်းကို အတည်ပြုလို့မရသေးကြောင်း ပြန်လည်ဖြေကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org