သံသယဖြစ်ဖွယ် မဲစာရင်း ရှစ်သန်းခွဲကျော် စစ်ဆေးပေးဖို့ တပ်မတော် တောင်းဆို

ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းတွေကို အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူဖြေရှင်းပေးဖို့ တပ်မတော်က အကြိမ်ကြိမ် ပြောနေပေမယ့် ဆောင်ရွက်ပေးခြင်းမရှိဘဲ ဥပဒေကို လိုရာဆွဲပြီး လက်တစ်လုံးခြားလုပ်တဲ့ သဘောမျိုးတွေ့ရလို့ တပ်မတော်ဘက်က စွပ်စွဲလိုက်ပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ မဲဆန္ဒရှင်တစ်ဦး မဲထည့်နေစဉ် Photo: Thiha Tun/RFA

ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းတွေကို အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူဖြေရှင်းပေးဖို့ တပ်မတော်က အကြိမ်ကြိမ် ပြောနေပေမယ့် ဆောင်ရွက်ပေးခြင်းမရှိဘဲ ဥပဒေကို လိုရာဆွဲပြီး လက်တစ်လုံးခြားလုပ်တဲ့ သဘောမျိုးတွေ့ရလို့ တပ်မတော်ဘက်က စွပ်စွဲလိုက်ပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ပတ်သက်ရင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ အရေးယူနိုင်တဲ့ လမ်းကြောင်းတွေ ရှိပြီးဖြစ်ပေမယ့် တပ်မတော်ရဲ့ လက်ရှိပြောဆိုဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့ မညီဘူးလို့ ဥပဒေပညာရှင်တွေက တုံ့ပြန်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်း စုစုပေါင်း ရှစ်သန်း ခြောက်သိန်းကျော်ကို တပ်မတော်က စိစစ်တွေ့ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ရဲ့သတင်းစာ ရှင်းလင်းပွဲမှာ မကြာခဏ စွပ်စွဲပြောဆိုတာတွေရှိခဲ့ပေမယ့် ဒီနေ့ ရှင်းလင်းပွဲမှာတော့ တပ်မတော်က ထုတ်ပြန်ခဲ့တဲ့ မဲရလဒ်စိစစ်တွေ့ရှိချက် ကိစ္စကိုပဲ သီးသန့် ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နဲ့ ရွေးကောက်ပွဲကော်မရှင် တို့ကို ရွေးကောက်ပွဲရလဒ်အပေါ် ဖြေရှင်းပေးဖို့ တပ်မတော်က တောင်းဆိုခဲ့ပေမယ့် ဥပဒေကို လိုရာဆွဲပြီး လက်တစ်လုံးခြား လုပ်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဥပဒေ လက်တစ်လုံးခြားလုပ်တာ ရှိ၊ မရှိ ဆိုတာတော့ ကျနော်တို့ရဲ့ ဒါ ထုတ်ပြန်ချက်တွေမှာ ဖတ်ကြည့်ရင် သိပါလိမ့်မယ်၊ ဥပဒေကြောင်းခြင်းရာအရ ကျတော်တို့ ရှင်းထားတာရှိပါတယ်။ လွှတ်တော် အထူးအစည်းအဝေးခေါ်ပေးဖို့ ပြောတယ်၊ ငြင်းဆန်ခဲ့တယ်။ ဥပဒေ အကြောင်းအခြင်းအရာအရ ဘာတွေသည် မကိုက်ညီဘူးဆိုတာ ကျွန်တော်တို့ ကြေညာချက် ထုတ်ပြန်ပြီးဖြစ်တယ်၊ ကျန်တဲ့ဟာတွေလည်း ရှိပါတယ် အဲဒါတွေကိုလည်း ပြန်ဖတ်ကြည့်ပါလို့ ပြောချင်ပါတယ်”

ရွေးကောက်ပွဲ ကော်မရှင်က တတိယအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းတွေအပေါ် တပ်မတော်က အခြေပြု ထုတ်ပြန်ခဲ့တာဖြစ်ပြီး အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ သမ္မတနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့က အပြန်အလှန် တာဝန်ယူရမယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုတွေကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ အရေးယူနိုင်တဲ့ လမ်းကြောင်းတွေ ပြဌာန်းထားပြီးဖြစ်တယ်လို့ NLD ပါတီက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် ဥပဒေ ပညာရှင်တစ်ဦးလည်းဖြစ်သူ ဦးအောင်သိန်းက တုံ့ပြန်ပြောဆိုပါတယ်။

“ရွေးကောက်ပွဲ မသမာမှုနဲ့ပတ်သက်ပြီး ကျေနပ်ဖွယ်ရာ မရှိဘူးဆိုရင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ အရေးယူနိုင်တဲ့ လမ်းကြောင်းတွေ ဖွင့်ပေးထားတယ်လေ။ ဥပဒေအရလည်း အဲလိုပြဌာန်းထားတယ်။ အဲဒီဥပဒေအရပဲ ဆောင်ရွက်ဖို့ပဲ ရှိတာပဲလို့မြင်တယ်။ အဲဒါမဟုတ်ဘဲနဲ့ သီးခြားမေးမြန်းချက်တွေကို ဖြေရမယ်ဆိုတဲ့ နဂိုတည်းကိုက ဒီလိုဖြေကြားရမယ်ဆိုတဲ့ UEC က ပြဌာန်းထားတာတွေလည်း မရှိဘူး။ ဥပဒေနဲ့ မညီဘူးဆိုရင် ဥပဒေအရ ဆောင်ရွက်ဖို့ပဲရှိတယ်။ ဒီလိုလဲ တချို့ဆောင်ရွက်ထားတဲ့ အတိုင်းအတာတွေလည်း ရှိနေတာပဲ။ စာချွန်တော် တက်ထားတာတွေလည်း ရှိတာပဲ။ ဒါ ဥပဒေလမ်းကြောင်းက သွားပေ့ါ။ ဒီလိုသတင်းစာရှင်းလင်းပွဲမှာ ဒီလိုပြောတိုင်းသာ အစိုးရအဖွဲ့အစည်းတွေက ထွက်ပြီးတော့ ရှင်းလင်းနေရမယ်ဆိုရင် ဘယ်လိုဆုံးခန်းတိုင်တော့မှာလဲ”

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ အစိုးရတစ်ရပ်ရဲ့ ဥပဒေအရ ဆောင်ရွက်ချက်တွေကို ဥပဒေအရပဲ ဖြေရှင်းစေတာ အမှန်ဆုံးဖြစ်တယ်၊ အခုလို သတင်းစာရှင်းလင်းပွဲကနေ ဒါတွေမဖြေဘူး ဒါတွေမတင်ပြဘူးဆိုပြီး ပြောဆိုနေတာဟာ အစိုးရ တစ်ရပ်အပေါ်မှာ စွပ်စွဲနေတဲ့သဘောပဲရှိပြီး ဒါဟာ ဥပဒေနဲ့မညီဘူးလို့ ဦးအောင်သိန်းက ဆက်ပြောပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုတွေကို ဖြေရှင်းဖို့ လမ်းကြောင်းကို ဥပဒေမှာ ပြဌာန်းထားပြီးဖြစ်ပေမယ့် တပ်မတော်ရဲ့ မဲစာရင်းထုတ်ပြန်ချက်တွေနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုချက်တွေက ဘယ်လို ရည်ရွယ်ချက်ကြောင့်လဲ လို့ RFA က မေးမြန်းရာမှာ တပ်မတော်သား မဲဆန္ဒရှင်တွေကလည်း ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြား တာတွေရှိကြောင်းနဲ့ ခုလို ထုတ်ပြန်နေတာက တစ်နိုင်လုံး သိအောင်လုပ်နေတာဖြစ်ပြီး အိတ်ဖွင့်ပေးစာ သဘောမျိုးဖြစ်တဲ့အတွက် တရားဝင်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဆိုပါတယ်။

မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်း ရှစ်သန်းခြောက်သိန်းကျော် ရှိတယ်ဆိုတဲ့ အချက်အပါအဝင် တပ်မတော်ရဲ့ ထုတ်ပြန်ချက်အပေါ် တာဝန်ယူ ဖြေရှင်းပေးဖို့ တောင်းဆိုတာနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ဖုန်းနဲ့ရော စာနဲ့ ပါဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ ညနေပိုင်းအထိ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။

မဲစာရင်းပြုစုစဉ်အချိန်က အင်တိုက်အားတိုက် မလုပ်ခဲ့ကြဘဲ ရွေးကောက်ပွဲပြီးသွားမှ အပြစ်ရှာတဲ့သဘော ဆောင်ရွက်တယ်ဆိုရင် ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ လွတ်လပ်မျှတသော ရွေးကောက်ပွဲများဆိုင်ရာ ပံ့ပိုးရေးကွန်ရက်အဖွဲ့ MYNFREL က အမှုဆောင်ဒါရိုက်တာ ဒေါ်ဇင်မာဦး က ဝေဖန်ပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ကော်မရှင်က သူ့ရဲ့ အဆုံးအဖြတ်သာလျှင် နောက်ဆုံးဖြစ်သည်ဆိုတာမျိုးရှိတဲ့အခါ ကော်မရှင်က ဘယ်လိုဆုံးဖြတ်သလဲ၊ သူ့ရဲ့အဆုံအဖြတ်သာလျှင် အပြီးဆိုတဲ့ စကားရပ်အပေါ်မှာပဲ အခြေခံပြီး စဉ်းစားရင် ကျွန်မတို့က သိပ်ပြီးတော့ အခုလို အလုပ်ရှုပ်စရာ မလိုဘူးလို့ မြင်တယ်။ အခု အလုပ်ရှုပ်ကြတယ်၊ ဒါတွေကို ပြောကြတယ်ဆိုတာက မဲစာရင်းပြုစုတုန်းက ဒီလောက်ထိ အင်တိုက်အားတိုက် မလုပ်ကြဘဲနဲ့ ပြီးသွားပြီ ဆိုမှ အပြစ်ရှာတဲ့သဘောလောက်ပဲ လုပ်ကြတာမျိုးက ဘာအဓိပ္ပါယ်ရှိလဲ။ ဘာကို ကောင်းစေချင်တာလဲ။ ဘယ်လိုကောင်းတဲ့ ရည်ရွယ်ချက်လဲဆိုတာမျိုးကို အပြုသဘောဆောင်တဲ့ အကောင်းဖက် ဦးတည်တဲ့ ရည်ရွယ်ချက်ကိုတော့ သိရရင်ပိုကောင်းတယ်။ မဟုတ်ဘဲနဲ့ အပြစ်ရှာတဲ့ သဘောမျိုးလောက်ဆိုရင်တော့ ဘယ်သူ့ဖက်မှ အကျိုးမရှိဘူး”

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ မဲရလဒ်ကို တပ်မတော်က လက်ခံနိုင်ပါသလားလို့ မေးမြန်းရာမှာ တပ်မတော်ရဲ့ တောင်းဆိုချက်ကို ပြန်ပြီး ဖြေရှင်းပေးတဲ့အပေါ် မူတည်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဆိုပါတယ်။

တာဝန်ရှိသူတွေဘက်က ဥပဒေနဲ့အညီ မဆောင်ရွက်ဘူးဆိုရင် နိုင်ငံရေး အကျပ်အတည်းဖြစ်နိုင်တယ်၊ လက်ရှိ အခြေအနေတွေကြောင့် တပ်မတော်က အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရကြောင်းနဲ့ တည်ဆဲဥပဒေကို လိုက်နာပြီး အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org