ဖားကန့်မြို့နယ်လမ်းမပေါ် ရဲနဲ့ စစ်သားများ ရမ်းကား
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုမှာ မနေ့က အောက်တိုဘာလ ၁၅ ရက် ညနေ ၅နာရီခွဲ အချိန်မှာ အဲဒီရပ်ကွက်မှာရှိတဲ့ မလန်းဘုန်းကြီးကျောင်း သွားတဲ့လမ်းပေါ်မှာ ရဲနဲ့ စစ်သား ၈ ယောက်လောက်က လမ်းသွားလမ်းလာတွေကို စစ်ဆေးနေပြီး ရိုက်နှက်တာတွေလည်း ရှိခဲ့တယ်လို့ သိရှိရပါတယ်။
-
2012-10-16 -
-
-
အရက်သောက်ထားတဲ့ ရဲ နဲ့စစ်သားတွေက မလန်းဘုန်းကြီးကျောင်းကနေ ဥပုသ်စောင့် ပြန်လာတဲ့ အမျိုးသမီးအချို့ကိုလည်း စစ်ဆေးမေးမြန်းတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေကို ခေါင်းပေါ်လက်တင်ခိုင်း၊ မြေပြင်ပေါ်မှောက်ခိုင်းပြီး ရိုက်နှက်ရာမှာ အနည်းဆုံး လူ ၁၀ ယောက်လောက် အရိုက်နှက်ခံရတယ်လို့ မျက်မြင်တွေ့သူ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီအချိန်ကလည်း အဲဒီ ငြိမ်းချမ်းသာယာ ရပ်ကွက်မှာပဲ ရဲနဲ့စစ်သား အယောက် ၃၀ နီးပါးက ဒေသခံပြည်သူ အယောက် ၆၀ လောက်ကို မြေပြင်ပေါ် မှောက်ခိုင်းပြီး အဲဒီအထဲက ၁၀ ယောက်လောက်ကို ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။