AA နဲ့ တပ်မတော် တိုက်ပွဲဖြစ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က ပြောပါတယ်။

Arakan Army AA ခေါ် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ် Photo: Arakan Army's Facebook

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က ပြောပါတယ်။

ကုလားတန်မြစ် အထက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးနေရတယ်ဆိုတဲ့ သတင်းတွေရထားတယ်လို့ ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

"ဟုတ်ကဲ့ လောလောဆယ် ကျနော်တို့ မြို့နယ်က သတင်းပို့တာတော့ ရပါတယ်။ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတဲ့အကြောင်းတော့ ကျနော်တို့ သတင်းတွေ ရပါတယ်။ လောလောဆယ် အနေအထား ကတော့ ကျနော်တို့ ကုလားတန် အထက်ပိုင်းပေါ့နော်။ ကုလားတန် အထက်ပိုင်းဘက်မှာတော့ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ ကျနော်တို့ ကြားရတယ်။ နောက်ပြီးတော့ ဒီ ရှင်းလက်ဝနဲ့ ပြိုင်ကင်းဝဘက်မှာ စစ်ရှောင်တဲ့ အဖွဲ့တွေပေါ့နော်။ တိုက်ပွဲရှောင်တဲ့ ပြည်သူတွေ ထွက်ပြေးလာတယ်ဆိုတဲ့သတင်းတော့ ကျနော်တို့ မြို့နယ်ကတက်လာတဲ့ သတင်းအရ သိရပါတယ်"

ပြည်နယ်အစိုးရအနေနဲ့ တိုက်ပွဲရှောင်ပြည်သူတွေရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ရေရှည်ထွက်ပြေးနေရ မယ်ဆိုရင် လိုအပ်တဲ့အကူအညီတွေ ပေးသွားမယ်လို့ ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းတုန်းကလည်း AA နဲ့ တပ်မတော်တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်မတော်က အရာရှိစစ်သည်အချို့ ကျဆုံးခဲ့ပါတယ်။ အဲဒီအတွက် AA ကို လက်တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင့်တပ်မတော် AA ဟာ အစိုးရနဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်တဲ့အပြင် ငြိမ်းချမ်းရေးကြိုးပမ်းရာမှာ NCA လမ်းစဉ်အတိုင်း မသွားဘဲ နိုင်ငံရေး ဆွေးနွေး ဖို့ တောင်းဆိုထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင် ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာလည်း ကချင်၊ တအာင်း၊ ကိုးကန့် စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင် ဖြစ်ခဲ့ပြီး တပ်မတော်နဲ့ စစ်ရေး တင်းမာနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org