မဲမပေးရေးကိစ္စ ရခိုင်ဒီမိုကရေစီအဖွဲ့ ရှင်းလင်း
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ခေါင်းဆောင် နှစ်ဦးဟာ စစ်အစိုးရကျင်းပမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်အကြောင်းကြောင့် မဲမပေးပဲ နေသင့်တယ်ဆိုတာ ရခိုင်ပြည်နယ်မှာ သွားရောက် ရှင်းလင်းပြောကြားပြီး ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာပါတယ်။
-
2010-09-24 -
-
-
ရခိုင်ပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ စက်တင်ဘာ ၁ ရက်က စပြီး လှည့်လည် စည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။
အမ်း၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မာန်အောင်၊ ဂွ စတဲ့ မြို့နယ်တွေကို ကွင်းဆင်း ရှင်းလင်းပြတာလို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တဦးက ပြောပါတယ်။
၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲချုပ်နဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြီးရင် တတိယမြောက် ဆန္ဒမဲ အများဆုံးရတဲ့ ပါတီဖြစ်ပေမဲ့ အဲဒီတုန်းက စစ်အစိုးရ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ကောင်စီက ရခိုင်ဒီမိုကရေစီအဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၂၇ နေရာမှာ ရခိုင်ဒီမိုကရေစီပါတီက ၁၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကတော့ ရခိုင်ပြည်နယ်တွင်းမှာ ကွင်းဆင်းစည်းရုံးနေသလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း နည်းပေါင်းစုံနဲ့ ရခိုင်ပြည်နယ်မှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေပါတယ်။