အကျဉ်းသား လွတ်မြောက်ရေး၊ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မြို့ကြီးများမှာ ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် ရည်စူးပြီး ဝတ်ပြု ဆုတောင်းပွဲကို ရန်ကုန်မြို့နဲ့ ရေနံချောင်းမြို့တွေမှာ နိုဝင်ဘာ ၂ ရက် ဒီနေ့ ကျင်းပတယ်လို့ သတင်းရရှိပါတယ်။

မြန်မာ စစ်အစိုးရက ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများ တိုကျိုမြို့တွင် သြဂုတ်လ ၈ ရက် ရှစ်လေးလုံး အထိမ်းအမှတ်နေ့က ကန့်ကွက် ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ဒီနေ့မနက် ၇ နာရီကနေ ၁၀ နာရီအထိ၊ ရွှေပြည်သာမြို့နယ် ၊ ရန်ကြီးအောင်လမ်းမှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - NLD အဖွဲ့ဝင် ၊ အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့ဝင် ဒေါ်ငြိမ်းတင် ရဲ့ နေအိမ်မှာ ကျင်းပခဲ့ပါတယ်။ မနက်ပိုင်း အခမ်းအနားအပြီး ရွှေတိဂုံဘုရားအသွားမှာ ရပ်ကွက်အာဏာပိုင်တွေက ဘုရားမှာ သွားပြီး ဆုတောင်းမဲ့သူတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ရွှေတိဂုံဘုရားမှာလည်း လုံခြုံရေး တင်းကျပ်ထားပြီး၊ ဝတ်ပြုဆုတောင်းသူတွေ ဝတ်ဆင်ထားတဲ့ တီရှပ်တွေကို လုံခြုံရေးအဖွဲ့ဝင်တွေက အတင်းချွတ်ခိုင်းပြီး၊ သူတို့ အဆင်သင့် ယူလာတဲ့ အဝတ်တွေနဲ့ လဲခိုင်တယ်လို့ ဝတ်ပြုဆုတောင်း အဖွဲ့ဝင် ဒေါ်ငြိမ်းတင်က RFA ကို ပြောပါတယ်။

“ပြီးသွားတဲ့ အချိန်ကျတော့မှ ကျွန်မတို့ ဘုရားကို သွားမဲ့အချိန်မှာ ကျွန်မက ရှေ့ကသွားတယ်၊ ဦးသိန်းအောင်တို့ အုပ်စုက နောက်က လိုက်တယ်။ အဲဒီ နောက်က လိုက်တဲ့ ဦးသိန်းအောင်ကို မဝတကနေပြီးတော့ ခေါ်ပါတယ်ရှင့်။ မဝတက ခေါ်ပြီးတော့ မေးမြန်းတာ လုပ်ပါတယ်။ အဖွဲ့ချုပ်က ပေးတဲ့ စာရွက်တွေ ကျွန်မတို့ တောက်လျှောက် ဖြန့်သွားတယ်ပေါ့နော်။ အဲဒါကို သူက ဘာဖြစ်လို့ ဖြန့်တာလဲ၊ ဘယ်သူ တာဝန်ယူတာလဲဆိုတော့ ဦးသိန်းအောင်က ကျုပ်တာဝန်ယူတယ်၊ ကျုပ်ဖြန့်တယ်လို့ ပြောလိုက်ပါတယ်။”

“အဲဒီအခါမှာ ဒီဥစ္စာ ဥပဒေနဲ့ ငြိတယ်လို့ သူတို့က ပြောတယ်၊ ချက်ချင်း ဖမ်းမယ်လို့ ပြောတဲ့အခါကျတော့ ဦးသိန်းအောင်က ဥပဒေနဲ့ ငြိတယ်ဆိုရင် ဥပဒေအကြောင်း ပြောချင်ရင် အဖွဲ့ချုပ်နဲ့ ပြော၊ ကျွန်တော်တို့ကတော့ အဖွဲ့ချုပ်က ညွှန်ကြားတဲ့အတိုင်း အလုပ်လုပ်ရပါတယ်လို့ ပြောလိုက်ပါတယ်ရှင့်။”

ဒီနေ့ မနက် ဆုတောင်းပွဲအခမ်းအနားကို NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ NLD အဖွဲ့ဝင်တွေ အပါအဝင် ကုန်ဈေးနှုန်းကျဆင်ရေး အဖွဲ့ဝင် အိမ်ရှင်မတွေ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ဝင် စုစုပေါင်း ၁၀၀ ကျော်လောက် တက်ရောက်ခဲ့ပြီး၊ ရွှေတိဂုံဘုရားကိုတော့ ၁၀ ယောက် သွားရောက် ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။ အလားတူ မကွေးတိုင်း ရေနံချောင်းမြို့မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

အဲဒီမှာလည်း ဝတ်ပြု ဆုတောင်းသူအားလုံးဟာ "ဥပဒေအရ မဲမပေးပဲလည်း နေပိုင်ခွင့်ရှိသည်" ဆိုတဲ့ စာတမ်းပါ တီရှပ်တွေ ဝတ်ဆင်ပြီး ဆုတောင်းပွဲ ကျင်းပကြတယ်လို့ သိရပါတယ်။ ဒီအကြောင်း မကွေးတိုင်း NLD စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးက RFA ကို အခုလို ပြောပြပါ တယ်။

“ရှိသမျှ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ဖို့ရာ ကျွန်မတို့ မနက် ဆုတောင်းပြီးမှ တီရှင် ကင်ပိန်း ဥပဒေအရ မဲမပေးပဲ နေပိုင်ခွင့် ရှိတယ်ဆိုတဲ့ တီရှပ် အင်္ကျီတွေ၊ အဖြူရောင်ပေါ်မှာ အနီရောင်စာလုံး၊ မဲမပေးပဲ ဆိုတဲ့ စာလုံးကို ပိုကြီးကြီး ထားပြီးတော့ ရေနံချောင်းမြို့ ဈေးကိုလည်း ပတ်တယ်၊ မြို့လယ်ခေါင်မှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်တွေ သွားပါတယ်။ နောက် ရက်ဆက်လည်း ဒီ ကင်ပိန်းကို ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်လို့ လူစည်ကားတဲ့ နေရာတွေပေါ့၊ ရေနံချောင်းမြို့ဟာ အလုပ်သမား မြို့တော်ဖြစ်တယ်၊ ဒေသကောလိပ် ရှိတယ်၊ စက်မှုဇုံရှိတယ်၊ နေရာအနှံ့ကို နေ့စဉ်နဲ့အမျှ ဒီကင်ပိန်း လုပ်ဆောင်သွားမယ်။ ဒါမှ လူထုကို ပညာပေးတာပါ။ စစ်အစိုးရ ထုတ်တဲ့ ဥပဒေအရပါ။ လူတိုင်းလူတိုင်းဟာ မဲမပေးပဲ နေပိုင်ခွင့် ရှိတယ်ဆိုတာ လူတွေကို အကြောက်တရားတွေ ကင်းမဲ့အောင်၊ မဲမပေးလို့ ဘာမှ မဖြစ်ဖူးဆိုတာ သိအောင်လို့ ဒီနေ့ တီရှပ်ကင်ပိန်းကို ကျင်းပပါတယ်။”

အလားတူပဲ မန္တလေးတိုင်း မတ္တရာနဲ့ ကျောက်ပန်းတောင်း မြို့နယ်တွေမှာလည်း ပြုလုပ်တယ်လို့ သိရပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုရဲထက်က သတင်းပေးပို့ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org