ရွေးကောက်ပွဲဆန့်ကျင်ရေးအရှိန်မြင့်လာ၊ တဦး ခေတ္တထိန်းသိမ်းခံရ
ဒီကနေ့ မနက်ပိုင်းက တောင်ဒဂုံမြို့နယ် ၇၂ ရပ်ကွက်မှာ ရွေးကောက်ပွဲ မှာ မဲမပေးပဲနေလို့ ရတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားတွေပါတဲ့ စာရွက်တွေ လိုက်ဝေတဲ့ NLD လူငယ်တဦးကို အာဏာပိုင် တွေက ဖမ်းသွားပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
-
2010-11-03 -
-
-
Your browser doesn’t support HTML5 audio
အဖမ်းခံရသူမှာ NLD လူငယ် ကိုအေးသွင် ဖြစ်ပြီး ပြန်လွှတ်ပေးချိန်မှာ တယ်လီဖုံးကဒ်ကို သိမ်းလိုက်တဲ့အပြင် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဖျက်ပစ်ပြီး ပြန်လွှတ်လိုက်တာပါ။ ကိုအေးသွင်က လက်ကမ်း စာရွက်ဝေသူတွေကို အာဏာပိုင်တွေက တားဆီးတာကို ဓာတ်ပုံ လိုက်ရိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
နောက်ပိုင်းမှာ ကိုအေးသွင်လက်ထဲက ကင်မရာကို အာဏာပိုင်တွေက ဝင်လုသွားတာကြောင့် ၇၁ ရပ်ကွက်ရုံးကို လိုက်ပါသွားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုအေးသွင်တို့အဖွဲဟာ ၇၂ ရပ်ကွက်နေ အရိုက်ခံရလို့ သေဆုံးသွားသူ NLD လူငယ် ကိုကိုဝင်းရဲ့ သုံးနှစ်ပြည့် ဆွမ်းကျွေးအပြန်မှာ စာရွက်တွေ ဝေခဲ့တာပါ။ အခု ညနေပိုင်းကလည်း ဒီအဖွဲ့ပဲ ယုဇနပလာဇာမှာ စာတွေ ဆက်လက်ဝေခဲ့ပါတယ်၊
အဖွဲ့မှာ ပါဝင်တဲ့ ဦးသိန်းမြင့်ထွန်းက ခုလိုပြောပါတယ်။
စခန်းမှူး ရောက်လာပြီး သူတို့ကို ရပ်ကွက်ရုံးကို လိုက်ခဲ့ဖို့ ခေါ်သွားကြောင်းနဲ့ စာရွက်ဝေမဲ့ လူတွေရဲ့ နာမယ်စာရင်း ယူပြီးတဲ့အခါမှာ ဝေခွင့်ပြုလိုက်တာကြောင့် ဆက်ပြီး ဝေနေတဲ့အကြောင်း သူက ပြောပါတယ်။
NLD လူငယ်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံပါ၊ ရွေးကောက်ပွဲမှာ မိမိဆန္ဒအလျောက် မဲမပေးပဲ နေလို့ရတယ်ဆိုတဲ့ စာသားပါ လက်ကမ်းကြော်ငြာတွေကို လွန်ခဲ့တဲ့ တပတ်ကျော်လောက် ကတည်းက ရန်ကုန်မြို့တွင်း လိုက်ဝေနေတာပါ။
အလားတူ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း အပြင် ဒီကနေ့ ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ပါ လက်ကမ်းကြော်ငြာတွေ ဝေနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူပဲ ဒီကနေ့ မနက်နဲ့ နေ့လည်ပိုင်းတွေမှာ ရန်ကုန်မြို့ နေရာအတော်များများမှာ မဲမပေးရေး လှုံ့ဆော်တဲ့ စာရွက်စာတမ်းတွေကို နေရာအနှံ့ လိုက်လံဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစုက လုပ်ဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
"မဲသွားပေးလိုက်ရင် စစ်အစိုးရကို ထောက်ခံလိုက်တာပဲ" လို့ရေးသားထားတဲ့ စာတမ်းတွေကို ဖြန့်ဝေခဲ့တာ ဖြစ်ကြောင်း ဦးဆောင် ပါဝင်ခဲ့သူတဦးက ပြောပါတယ်။
နေရာအနှံ့ ဝေငှခဲ့တဲ့ လက်ကမ်းစာစောင် အရေအတွက်ဟာ တသောင်းကျော် ရှိတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ ရန်ကုန်မှာ လုံခြုံရေးတွေ တိုးချထားပြီး ဒီကနေ့ ဆိုရင်လည်း ရန်ကုန်မှာ ရှိတဲ့ မြို့နယ် အတော်များများမှာ ရဲနဲ့ လုံထိန်းတွေကို နေရာအနှံ့ တွေ့နေရတယ်လို့ ဆိုပါတယ်။
အခုလို ရန်ကုန်မှာ မဲမပေးရေး လှုံဆော်တာတွေကို နေရာအနှံ့ လိုက်လံ လုပ်ဆောင်နေသလို၊ နယ်မြို့တွေမှာလည်း လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ရက်က ပြည်ခရိုင်အတွင်းက မြို့နယ်တွေ ဖြစ်တဲ့ ရွှေတောင်၊ ပြည်၊ ပန်းတောင်း၊ ပေါင်းတည် စတဲ့မြို့တွေမှာ မဲမပေးရေး လှုံ့ဆော်တဲ့ စတစ်ကာနဲ့ စာရွက်စာတမ်းတွေ ဖြန့်ဝေခဲ့ပြီး အနည်းဆုံး တမြို့နယ်ကို အစောင်ရေ ၅ ထောင်အထိ ဖြန့်ဝေခဲ့တယ်လို့ ဒေသခံလူငယ်တွေက ပြောပါတယ်။
ပြည်ခရိုင်အတွင်းက မြို့နယ်အတော်များများမှာ ရွေးကောက်ပွဲအပေါ် လူတွေ စိတ်ဝင်စားမှု အလွန်နည်းတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။
၁၉၉၀ ရွေးကောက်ပွဲတုန်းကလို လူတွေ တက်တက်ကြွကြွ ဖြစ်မနေပဲ ရွေးကောက်ပွဲ ရှိမှန်းတောင် မသိသလို စိတ်ဝင်စားမှု နည်းပါးကြောင်း ပြောပြပါတယ်။
ပြည်၊ ရွှေတောင်၊ ပေါင်းတည် ဒေသတဝိုက် ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစညပါတီနဲ့ အင်းမ နယ်သား ကိုအေးလွင် ဦးဆောင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေလောက်သာ ရှိတဲ့အတွက် ပြည်သူတွေက မဲပေးဖို့ စိတ်မဝင်စားဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။
တချိန်တည်းမှာလည်း စစ်အစိုးရအနေနဲ့ လာမဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိမရှိ စောင့်ကြည့်ဖို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အပြင် နိုင်ငံတကာ သတင်းထောက်တွေကို စောင့်ကြည့်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ လူငယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်းပေါင်း ၂၀ လောက် ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီအဖွဲ့တွေထဲက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ကွန်ရက် အဖွဲ့က ကိုတင်မောင်ထွေးကို ဗန်ကောက်မြို့ရောက် RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန် |