စစ်အစိုးရရွေးကောက်ပွဲကို သုံးနိုင်ငံမှာ ဆန္ဒပြ
မကြာမီ ရက်ပိုင်းမှာ စစ်အစိုးရက ကျင်းပတော့မဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြပွဲတွေကို ဘယ်လ်ဂျီယမ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက မြန်မာစစ်အစိုးရ သံရုံးများရှေ့မှာ နိုဝင်ဘာ ၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
-
2010-11-05 -
-
-
ဥရောပတိုက် ရုံးပေါင်းစုံရှိရာ ဘရပ်ဆယ်လ်မြို့ ဆန္ဒပြပွဲ
စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဥရောပရောက် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ မြန်မာသံရုံးရှေ့မှာ နိုဝင်ဘာ ၅ ရက် ဒီကနေ့ သွားရောက်ဆန္ဒပြခဲ့ကြပါတယ် ။
နိုဝင်ဘာ၇ ရက်နေ့မှာ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပေမဲ့ အခုချိန်ထိ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေးသေးတာ ၊ လူ့အခွင့်အရေးတွေ ဆက်ပြီး ချိုးဖောက်နေတာတွေကြောင့် ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာ ရှိမှာမဟုတ်ကြောင်း ဆန္ဒပြပွဲမှာ ထုတ်ဖော် ပြောဆိုကြတယ်လို့ သိရပါတယ် ။
အဲဒီဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ရဲ့ ဥရောပရေးရာ ကိုယ်စားလှယ် ဦးနွယ်အောင်က ဘရပ်ဆဲလ်မြို့ မြန်မာသံရုံးရှေ့ကို ရွေးပြီး ဘာ့ကြောင့် ဆန္ဒပြရတယ် ဆိုတာကို ရှင်းပြပါတယ်။
ဥရောပတိုက်က ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆယ်လ်မြို့မှာဆိုရင် ဥရောပသမဂ္ဂ၊ ဥရောပပါလီမန်၊ ဥရောပကောင်စီစသည်တို့နဲ့ မြန်မာသံရုံးလည်း ရှိနေတဲ့အတွက် ဘရပ်ဆယ်လ်မြို့မှာ ဆန္ဒပြဖို့ ရွေးချယ်ရခြင်း ဖြစ်တယ်လို့ ဦးနွယ်အောင်က ပြောပါတယ်။
မြန်မာသံရုံးရှေ့ဆန္ဒပြပွဲကို ITCU နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ၊ ETCU ဥရောပ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ၊ AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၊ FIDH ပြင်သစ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ ၊ ဘယ်လ်ဂျီယမ် အလုပ်သမား သမဂ္ဂနဲ့ ဥရောပရောက် မြန်မာ့အရေး လှုပ်ရှားသူတွေ စုပေါင်းဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ် ။
ထိုင်းနိုင်ငံ ဗန်ကောက်မှာလည်း ဆန္ဒပြ
ဒီကန့မနက် ဗန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ထိုင်းနိုင်ငံရောက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်က သံဃာတော်တွေ ပူးပေါင်းပြီး လာမဲ့ တနင်္ဂနွေနေ့မှာ ကျင်းပတော့မဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလိုဆန္ဒပြကြသူတွေထဲမှာ ပြည်ပရောက် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့၊ ပြည်ပရောက် အမျိုးသားကျောင်းသား များအဖွဲ့၊ မြန်မာဒုက္ခသည်အရေး ကူညီဆောင်ရွက်တဲ့ ဘီအာအိပါချ်အာဘီနဲ့ Peace for Burma စတဲ့ အဖွဲ့၄ ဖွဲ့ အပြင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်က သံဃာတော်တွေလည်း ပါဝင်ကြပါတယ်။
ဆန္ဒပြရာမှာ ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် ထိုင်းနိုင်ငံရဲ့ တာဝန်ခံ ဦးဇဝနက လူထုကို လှည့်ဖြားတဲ့ ရွေးကောက်ပွဲ ဖြစ်တာကြောင့် အခုလို ဆန့်ကျင်ကြောင်း လာပြရတာ ဖြစ်တယ်လို့ အခုလိုမိန့်ပါတယ်။
“၂၀၁၀ ရွေးကောက်ပွဲက ပြည်သူလူထုကို မျက်လှည့်ပြပြီးတော့ နအဖ စစ်အာဏာရှင်တွေက သူတို့ သက်ဆိုးရှည်ဖို့ လုပ်မဲ့ ရွေးကောက်ပွဲကို ဦးဇင်းတို့ ပြည်သူတရပ်လုံးနဲ့အတူ ဦးဇင်းတို့ သံဃာတော်တွေကလည်း ဆန့်ကျင်တယ် ဆိုတဲ့အကြောင်းကို သူတို့နဲ့ ပူးပေါင်းပြီးတော့ ဆန္ဒလာပြရခြင်း ဖြစ်ပါတယ်။”
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တဦးကတော့ ဒီရွေးကောက်ပွဲမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရတဲ့ လူထုခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကျောင်းသား ခေါင်းဆောင်တွေ ပါဝင်ခွင့် မရှိတဲ့အတွက် ခုလိုဆန့်ကျင် ဆန္ဒပြရတာလို့ ဆိုပါတယ်။
“ဗမာသံရုံးရှေ့မှာ လာပြီးဆန္ဒပြရတဲ့အကြောင်းက ဗမာပြည် စစ်အာဏာရှင်ရဲ့စနစ် အခုလက်ရှိ နိုင်ငံရေးယုံကြည်ချက်နဲ့ ထောင်ကျနေတဲ့ နိုင်ငံရေးသမားတွေ လွှတ်မပေးသရွေ့ သူတို့ရဲ့ ရွေးကောက်ပွဲဟာ လုံးဝ မသမာဘူး ဆိုတာ လုံးဝ တရား မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်ဘူးဆိုတာ ကျနော်တို့ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေ လုံးဝ လက်မခံနိုင်တဲ့ အကြောင်းကို ကျနော်တို့ ဆန္ဒပြတာပါခင်ဗျား။”
စုစုပေါင်း အင်အား ၂၀ ကျော်ရှိပြီး နာရီဝက်ကျော်ကျော် ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင် တွေက စောင့်ကြည့်တာကလွဲလို့ ဘာမှ အနှောင့်အယှက်မပေးဘူးလို့ သိရပါတယ်။
အဲဒီနောက် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို အယုံအကြည် မရှိကြောင်းနဲ့ ဖျက်သိမ်းပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ မြန်မာပြည် နိုင်ငံရေးပြဿနာကို တိုင်းရင်းသားတွေ အပါအဝင် သုံးပွင့်ဆိုင် ဆွေးနွေး ဖြေရှင်းပေးဖို့ တောင်းဆိုချက်တွေ ပါတဲ့ ကြေညာချက်ကိုလည်း သံရုံး လုံခြုံရေးအစောင့်တွေကတဆင့် သံရုံး တာဝန်ရှိသူတွေထံ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ရှိ ရခိုင်အမျိုးသမီးအဖွဲ့က စစ်အစိုးရရွေးကောက်ပွဲ ကန့်ကွက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေပြု ဖွဲ့စည်းထားတဲ့ ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)က ဦးဆောင်ပြီး ဒက္ကားမြို့တော်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ရက်ပိုင်း အတွင်း ကျင်းပတော့မဲ့ ရွေးကောက်ပွဲကို ဒီကနေ့ ဆန့်ကျင်ဆန္ဒပြကြပါတယ်။
အဲဒီ ဆန္ဒပြပွဲကို မြန်မာသံရုံး ဝန်ထမ်းတွေက သံရုံးအတွင်းကနေ ဗွီဒီယိုနဲ့ ဓာတ်ပုံရိုက်ကြသလို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ကိုလည်း တိုင်ကြားခဲ့တယ်လို့ သိရပါ တယ်။
ရဲတွေ တားဆီးနေတဲ့ကြားကနေပဲ အဲဒီ ဆန္ဒပြပွဲကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်တယ်လို့ RWU ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်စောမြရာဇာလင်း က RFA ကို ပြောပါတယ် ။
“ကျမတို့ကလည်း ပုလိပ်တွေ ဟန့်တားနေတဲ့ကြားကပဲ ပြည်သူလူထ ု့အတွက် အကျိုးမရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ် ။ ၁၉၉၀ ခုနှစ်ကလည်းပဲ အဲဒီလိုမျိုး ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ်ပြုခဲ့တယ် ။ အခု ပြည်သူလူထုတရပ်လုံးဟာ မွဲပြာကျနေတယ် ။ ရခိုင်ပြည်မှာ ဆိုလို့ရှိရင်လည်း မုန်တိုင်းဒဏ်ကြောင့် မွဲပြာကျနေတယ် ။ ဒုက္ခပင်လယ်ဝေနေတယ် ။ အဲဒီနေရာတွေမှာ ရွေးကောက်ပွဲကို မလုပ်သင့်ဘူးဆိုတဲ့ အကြောင်းအရာတွေ အစုံအလင်ပါပဲ ကျမတို့ကတော့ အော်ကြပြောဆိုကြနဲ့ မိနစ် ၄၀ လောက် ကြာခဲ့ပါတယ်။”
အဲဒီ ဆန္ဒပြပွဲမှာ ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU)ရဲ့ အဖွဲ့ဝင်တွေတင်သာမ ဒက္ကာမြို့မှာ ရှိတဲ့ ရခိုင်အမျိုးသားတွေနဲ့ မြန်မာအရေး ထောက်ခံတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမျိုးသမီးတွေလည်း ပါဝင်ကြတယ်လို့ သိရပါတယ် ။