အဂတိတိုက်ဖျက်ရေးကော်မရှင် တိုင်စာ ၁၅ စောင်ကို စစ်ဆေးမည်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသစ် လက်ခံရရှိထားတဲ့ တိုင်ကြား စာပေါင်း နှစ်ထောင်ကျော်ထဲမှာ ကော်မရှင်ဥပဒေနဲ့ ကိုက်ညီတဲ့ တိုင်ကြားစာ ၁၅ စောင် ကို စစ်ဆေးအရေးယူမယ်လို့ ကော်မရှင်အဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
-
2018-03-31 -
-
-
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသစ် လက်ခံရရှိထားတဲ့ တိုင်ကြားစာပေါင်း နှစ်ထောင် ကျော်ထဲမှာ ကော်မရှင်ဥပဒေနဲ့ ကိုက်ညီတဲ့ တိုင်ကြားစာ ၁၅ စောင် ကို စစ်ဆေးအရေးယူမယ်လို့ ကော်မရှင်အဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
နေပြည်တော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်အဖွဲ့ဝင်တွေက တိုင်ကြားစာပေါင်း ၂၀၀၀ ကျော်ထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားစာ ၅၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး တရားရေးနဲ့ လယ်ဆည်တို့ကို တိုင်တဲ့စာ ၃၀၀ ကျော်၊ ပညာရေးကိုတိုင်တာ ၄၀ ကျော်ရှိတယ်လို့ ပြောပါတယ်။
အဲဒီတိုင်စာတွေထဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥပဒေနဲ့ မသက်ဆိုင်တဲ့ တိုင်စာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေထံ ပေးပို့ပြီး အရေးယူမှု ဆောင်ရွက်စေတယ်လို့ သိရပါတယ်။
ကော်မရှင်ထံ တိုင်ကြားတဲ့ စာတွေကို တိုင်ကြားသူတစ်ဦးချင်းစီထံ ဘယ်လိုအရေးယူ ဆောင်ရွက်ထားတယ်ဆိုတာ ပြန်ကြားပေးနေတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က ပြောပါတယ်။
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်မှာ အရင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ဥက္ကဌအဖြစ် တာဝန်ပေးပြီး အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
လက်ရှိမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥပဒေကို လွှတ်တော်မှာ ဆွေးနွေးနေပြီး ဥပဒေကြမ်း အတိုင်းသာ အတည်ပြုရင် အဂတိလိုက်စားတယ်ဆိုတဲ့ နာမည်ကျော်ဇော သတင်းရှိသူတွေကို ကော်မရှင်က စစ်ဆေးနိုင်မှာဖြစ်ပါတယ်။