မြောက်ဦးကို ကုလ ရှေးဟောင်းအမွေအနှစ်ဖြစ်ရေး တင်ပြမည်
ရခိုင်ပြည်နယ်မှာရှိတဲ့ မြောက်ဦးမြို့က ရှေးဟောင်းစေတီပုထိုးတွေကို ကုလသမဂ္ဂ ကမ္ဘာ့အမွေ အနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် လာမယ့်နှစ် စက်တင်ဘာလမှာ မူကြမ်းတင်ပြသွားမယ် လို့ ရှေးဟောင်းသုတေသနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က ပြောပါတယ်။
-
2018-04-06 -
-
-
ရခိုင်ပြည်နယ်မှာရှိတဲ့ မြောက်ဦးမြို့က ရှေးဟောင်းစေတီပုထိုးတွေကို ကုလသမဂ္ဂ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် လာမယ့်နှစ် စက်တင်ဘာလမှာ မူကြမ်းတင်ပြသွားမယ်လို့ ရှေးဟောင်းသုတေသနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောပါတယ်။
စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ ဒီနေ့ ဆွေးနွေးပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က ပြောပါတယ်။
"မူကြမ်းရေးသားမှုကိုတော့ ၂ဝ၁၉ စက်တင်ဘာအထိ ကျနော်တို့ ဆောင်ရွက်မယ်လို့ လျာထားပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အမွေအနှစ် စံတင်သတ်မှတ်ချက်အရဆိုရင် ကမ္ဘာ့အမွေအနှစ်အဖြစ် တင်သွင်းတဲ့အဆိုပြုစာအားလုံးကို မူကြမ်းကို စက်တင်ဘာ ၃ဝ ရက်နေ့ နောက်ဆုံးထားပြီးတော့ တင်သွင်းရပါတယ်၊ အချောအပြည့်အစုံကိုတော့ နှစ်စဉ် ဇန်နဝါရီ ၃၁ နောက်ဆုံးထားပြီးတင်သွင်းရပါတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့က ၂ဝ၁၉ ပေါ့ လာမယ့်နှစ်မှာ တင်သွင်းဖို့ဆိုတာ တစ်နှစ်နဲ့ လေးလ မူကြမ်းတင်သွင်းဖို့ အချိန်ရပါတယ်"
လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှာ အချောသတ်ထပ်မံတင်ပြပြီး အချက်အလက်တွေပြည့်စုံမှုရှိ၊ မရှိ အကြောင်းပြန်ကြားမှုတွေနဲ့ လိုအပ်တဲ့ ကွင်းဆင်းစစ်ဆေးမှုတွေကိုပြုလုပ်ပြီး ၂၀၂၁ ခုနှစ် ဇွန်လလောက် မှာ ပြုလုပ်မယ့် ကမ္ဘာ့အမွေအနှစ် ညီလာခံမှာ လက်ခံဖို့ရှိ မရှိ ဆိုတာကို ဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ဖို့အတွက် ပြည်ပကပညာရှင်နှစ်ဦးကို ပြည်ထောင်စု အစိုးရက ငှားရမ်းခွင့်ပြုထားတယ်လို့ ဦးကျော်ဦးလွင် ကပြောပါတယ်။
မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က စတင်ဆောင်ရွက် ခဲ့တာဖြစ်ပြီးတော့ တရုတ်နိုင်ငံနဲ့ အီတလီနိုင်ငံတွေက လိုအပ်တဲ့အကူအညီတွေပေးနေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ ဒီဆွေးနွေးပွဲကို ရခိုင်ပြည်နယ်အစိုးရနဲ့ ရှေးဟောင်းသုတေသနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနကတာဝန်ရှိသူတွေ၊ မြောက်ဦးဒေသခံတွေနဲ့ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။