သမ္မတ ဦးသိန်းစိန် လစာသစ်နဲ့ ဝန်ထမ်းလစာ တိုးမတိုး သုံးသပ်ချက်

သမ္မတကြီး ဦးသိန်းစိန်ရဲ့ လစာဟာ အိန္ဒိယဝန်ကြီးချုပ် လစာထက် များနေ သလို အရပ်သားအစိုးရသစ် လက်ထက် ဝန်ကြီးတဦး လစာကလည်း ဗီယက်နမ် သမ္မတ လစာထက် ၄ ဆလောက် များနေပါတယ်။

နေပြည်တော်တွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးသိန်းစိန် (အလယ်) ကို လွှတ်တော်ကိုယ်စားလှယ် တဦးက ချီးကျူးဂုဏ်ပြုနေပုံ ဖြစ်ပါသည်။ (Photo: AFP / MRTV) (Photo: AFP / MRTV)

ကြံ့ခိုင်ရေး အမတ်တချို့က တလ ကျပ်ငွေ ၃ သိန်းရတာ နည်းလို့ တိုးတောင်းဖို့ ပြင်နေချိန်မှာ နေပြည်တော် ဝန်ထမ်းတွေကတော့ လစာ တိုးတန်ကောင်းရဲ့ ဆိုတဲ့ ကောလာဟလ မျိုးတွေနဲ့သာ ကျေနပ်နေရပါတယ်။ ဝန်ထမ်းတွေကို လစာတိုးမယ် မတိုးမယ် သေချာပေါက် မသိသေးပေမယ့် အရွေးကောက်ခံထားရတဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ အပေါင်းအပါတွေကို ပေးထားတဲ့ လစာသစ်ဟာ ပြည်သူတွေရဲ့ တဦးချင်း ဝင်ငွေထက် ဘယ်လောက် များနေသလဲ၊ သူများတိုင်းပြည်တွေနဲ့ ယှဉ်ရင် မျှတမှု ရှိမရှိ ဆန်းစစ်ဖို့ လိုပါတယ်။

အရွေးကောက်ခံထားရတဲ့ သမ္မတကြီး ဦးသိန်းစိန်ကို မြန်မာငွေ ကျပ်သိန်း ၅ဝ ပေးမယ်လို့ နေပြည်တော် အမတ်တချို့က ပြောပါတယ်။ ကျပ် သိန်း ၅ဝ ဆိုတာ တရားဝင် ငွေလဲနှုုန်း တဒေါ်လာ ၆ ကျပ်နဲ့ တွက်ရင် သမ္မတကြီး ဦးသိန်းစိန်ရမယ့် လစာဟာ တလကို အမေရိကန်ဒေါ်လာ ၈ သိန်း ၃ သောင်း ကျော်ပါတယ်။ ဒါကြောင့် တရားဝင် ငွေလဲနှုန်းနဲ့ တွက်ရင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ လစာက အမေရိကန် သမ္မတကြီး အိုဘားမားရဲ့ တလဝင်ငွေထက် ၂၅ ဆ များနေသလို တလ ဒေါ်လာ ၂ သောင်းခွဲ ရတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထက်လည်း ၄ ဆနီးပါး များနေပါတယ်။

မှောင်ခိုငွေလဲနှုန်းကို တွက်ရလွယ်အောင် တဒေါ်လာကို ကျပ်တထောင်ထား တွက်ရင် သမ္မတကီး ဦးသိန်းစိန်ရဲ့လစာက မှောင်ခို ငွေလဲနှုန်းနဲ့ဆိုရင် တလကို အမေရိကန်ဒေါ်လာ ၅ ထောင် ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မှောင်ခို ငွေလဲနှုန်းနဲ့ ဆိုရင်တောင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ လစာက မြန်မာကို အကူအညီ ပေးနေတဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီး သမ္မတကြီး Ms Pratibha Devisingh Patil (ပရာတိတ်ဗ ဒေဝီဆင်း ပတ်တေးလ်) ထက် ဒေါ်လာ ၂ ထောင် များနေသလို အိန္ဒိယ ဝန်ကြီးချုပ် မန်းမိုဟန်ဆင်း လစာထက် ဒေါ်လာ တထောင် များနေပါသေးတယ်။

အာဆီယံအဖွဲ့ဝင် ဗီယက်နမ် သမ္မတရဲ့ လစာက ဒေါ်လာ ၂၄ဝ သာ ရှိတာမို့ မှောင်ခိုငွေလဲနှုန်းနဲ့ ဆိုရင်တောင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ လစာက ဗီယက်နမ်သမ္မတ လစာထက် အဆ ၂ဝ များနေပါတယ်။

တနေ့ တဒေါ်လာအောက် ဆင်းရဲတွင်း နက်နေတဲ့ ပြည်သူတွေက တိုင်းပြည်လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်း ရှိနေတဲ့ မြန်မာနိုင်ငံ၊ တဦးချင်း ဂျီဒီပီ ၄၆၉ ဒေါ်လာသာ ရှိတဲ့ မြန်မာလို နိုင်ငံမျိုးမှာ သမ္မတ ဦးသိန်းစိန်ရဲ့ လစာက ပြည်သူတဦးချင်း ဂျီဒီပီထက် ဆယ်ဆကျော် များနေတာမို့ နိုင်ငံတကာက ကြည့်ရင် အမြင်မတော် ဆင်တော်နဲ့ ခလောက် ဆိုတဲ့ကိန်း ဖြစ်နေပါတယ်။

ဝန်ထမ်းတွေကိုသာ လစာတိုးပေးဖို့ အစိုးရဘက်မှာ ဝန်ထုတ်ဝန်ပိုး ဖြစ်နေပေမယ့် စစ်အစိုးရလက်ထက် တလ ကျပ်ငွေ ၄ သိန်း ပေးခဲ့တဲ့ ဝန်ကြီးတဦးကို အရပ်သားအစိုးရ လက်ထက်မှာ သိန်း ၂ဝ အထိ ငါးဆ တိုးလိုက်တဲ့အတွက် ၄ ရာ ရာနှုန်း တိုးခဲ့ပါတယ်။ ဒီမှာတင် တလ ကျပ်ငွေ ၃ သိန်းဘဲ ရကောင်းလားဆိုပြီး ကြံ့ဖွံ့အမတ်တချို့က လစာတိုးတောင်းဖို့ ပြင်ဆင်နေတယ်လို့ NDF လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီက ပြောပါတယ်။

ဒီအကြောင်း ဦးစိန်ကျော်လှိုင် သုံးသပ်တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

သုံးသပ်တင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org