သြဂုတ်လ ၂၁ ရက်နေ့ ထုတ်ပြန်တဲ့ စစ်အစိုးရအမိန့်နဲ့ ပတ်သက်ပြီး သုံးသပ်ချက်
ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည် ပြီးတဲ့နောက်မှ ထုတ်ပြန်ရမယ့် အနာဂတ် မြန်မာနိုင်ငံ ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ရွေးကောက်ပွဲ မတိုင်ခင်ထဲက စစ်အစိုးရက အမိန့်နဲ့ ထုတ်ပြန်ထားပါ တယ်။ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး လက်မှတ်ထိုး ထုတ်ပြန်တဲ့ အမိန့်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ယှဉ်ပြီး ဦးစိန်ကျော်လှိုင်က သုံးသပ်တင်ပြထား ပါတယ်။
-
2010-08-21 -
-
-
Your browser doesn’t support HTML5 audio
သြဂုတ်လ ၂၁ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး လက်မှတ်ထိုး ထုတ်ပြန်တဲ့ အမိန့် ကြေညာစာ ၃ ခုကို ဘာကြောင့် ထုတ်ပြန်ရသလဲ ဆန်းစစ်ဖို့ လိုပါတယ်။
တိုင်းဒေသကြီးများ ခေါ်ဝေါ်သုံးစွဲရန် သတ်မှတ်ခြင်း ဆိုတဲ့ အမိန့်ကို ကြည့်ရင် လက်ရှိ သုံးနှုုန်းနေတဲ့ တိုင်း ၇ တိုင်းကို တိုင်းဒေသကြီးအဖြစ် ပြောင်းခေါ်ကြပါဆိုတဲ့ သဘောဘဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၉ (က) မှာ ပြဌာန်းချက်အရ ရှိရင်းစွဲ တိုင်း ၇ တိုင်းကို တိုင်းဒေသကြီး ၇ ခုအဖြစ်လည်းကောင်း၊ ရှိရင်းစွဲ ပြည်နယ် ၇ ပြည်နယ်ကို ပြည်နယ် ၇ ပြည်နယ်အဖြစ်လည်းကောင်း ပိုင်းခြား သတ်မှတ်သည်လို့ ဆိုထားပါတယ်။
သဘောကတော့ အနာဂတ် မြန်မာနိုင်ငံကို ဖွဲ့စည်းတဲ့နေရာမှာ တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုနဲ့ ဖွဲ့တယ် ဆိုတဲ့သဘော ဖြစ်ပါတယ်။ တကယ်တော့ လက်ရှိ သုံးနှုန်းနေတဲ့ တိုင်း အစား တိုင်းဒေသကြီးလို့ ပြောင်းလဲ သတ်မှတ်ထားတာသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ အနာဂတ် မြန်မာနိုင်ငံမှာ ဗဟိုအဆင့်လို့ ခေါ်တဲ့ ပြည်ထောင်စုအဆင့်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ၂ ရပ် ရှိသလို တိုင်းဒေသကြီး ၇ ခုနဲ့ ပြည်နယ် ၇ ခုမှာလည်း လွှတ်တော် ၁၄ ခု ရှိမှာဖြစ်ပါတယ်။
တနည်းပြောရရင် ရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာမယ့် အစိုးရသစ် လက်ထက်ကျမှ သုံးနှုန်းရမယ့် တိုင်းဒေသကြီး ဆိုတဲ့ ဝေါဟာရကို
ရွေးကောက်ပွဲမတိုင်ခင်ကာလ သြဂုတ်လ ၂၀ ရက်ကစပြီး ပြောင်းလဲ ခေါ်ဝေါ်ရမယ်လို့ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦးက မလိုအပ်ဘဲ ကြိုတင် အမိန့်ထုတ် လိုက်တဲ့အတွက် အသုဘရှေ့က ဘုန်းကြီးကြွ ဆိုသလို ဘာအဓိပ္ပါယ် မှ မရှိဘဲ နိုင်ငံရေးပြက်လုံးထုတ် သလို ဖြစ်သွားတယ်လို့ ရန်ကုန်ရှေ့နေတဦးက ထောက်ပြပါတယ်။မလိုအပ်ဘဲ ကြိုတင် အမိန့်ထုတ်လိုက် တဲ့အတွက် အသုဘရှေ့က ဘုန်းကြီးကြွ ဆိုသလို ...
တကယ်တော့ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ လက်ရှိ တိုင်း ၇ တိုင်းကို တိုင်းဒေသကြီးလို့ ပြောင်းခေါ်တဲ့တိုင် တိုင်းဒေသကြီးလွှတ်တော် ဖွဲ့လို့ မရသေးတဲ့အချိန် နာမည် ပြောင်းတာကလွဲလို့ ဘာမှ လုပ်လို့ မရသေးတာမို့ မလိုအပ်ဘဲ ထုတ်ပြန်တဲ့အမိန့်လို့ ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းကလည်း ယူဆပါတယ်။ ထူးခြားတဲ့အချက်က ဒီအမိန့် ကြော်ငြာစာရဲ့ ပထမစာပိုဒ်မှာ အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ တိုင်းဒေသကြီးများ ခေါ်ဝေါ်သုံးစွဲရန် သတ်မှတ်ခြင်း ဆိုတဲ့ အမိန့်ကို ထုတ်ပြန်တာလို့ ဆိုထားပါတယ်။
ပုဒ်မ ၄၄၃ မှာ ပြဌာန်းထားတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အာဏာတည်တဲ့နေ့ မတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည် ဖော်ရေးအတွက် နအဖက ကြိုတင်ဆောင်ရွက်တဲ့ လုပ်ငန်းမှန်သမျှကို ဖွဲ့စည်းပုံအရ ဆောင်ရွက်တယ်လို့ မှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။ ဒီ ပြဌာန်းချက် အပြည့်အစုံကို အမိန့်ထိပ်စီးမှာ ကိုးကားထားတဲ့ သဘောက ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အာဏာတည်တဲ့နေ့ မတိုင်ခင်ထိ နအဖက ထုတ်ချင်တဲ့ဥပဒေတွေ ထုတ်လို့ရတယ် ဆိုတာကို ပြည်သူတွေသိအောင် ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦးက မဏ္ဍပ်တိုင် တက်ပြတာဖြစ်တယ်လို့ ရန်ကုန် သတင်းစာဆရာတချို့က ယူဆပါတယ်။ တနည်းပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ ကို ပွဲထုတ်တဲ့ အမိန့်ကြော်ငြာစာ ဆိုတဲ့သဘော ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး လက်မှတ်ထိုးတဲ့ နောက်အမိန့်က ပြည်ထောင်စုနယ်မြေဖြစ်တဲ့ နေပြည်တော်မှာ ခရိုင်နဲ့ မြို့နယ်များ သတ်မှတ်ခြင်း ဆိုတဲ့အမိန့်ဖြစ်ပါတယ်။ ဒီအမိန့်ကို ကြည့်ရင်လည်း စောစောက အမိန့်လို ပုဒ်မ ၄၄၃ ကိုပဲ နိဒါန်းချီ အသေးစိတ် ရေးထားတာမို့ ပုဒ်မ ၄၄၃ ကိုပဲ ပွဲထုတ်ဖို့ အသားပေးထားတဲ့အမိန့်လို့ မြင်ကြပါတယ်။
အခြေခံဥပဒေအရ အနာဂတ် မြန်မာနိုင်ငံ ဖွဲ့စည်းရာမှာ တိုင်းဒေသကြီး ၇ ခုနဲ့ ပြည်နယ် ၇ ခုအပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဆိုတာကို ဘယ်တိုင်းနဲ့ ပြည်နယ်ထဲမှာမှ မထဲ့ဘဲ သီးခြား ဖွဲ့စည်းပါတယ်။ သဘောကတော့ နေပြည်တော်မှာသာ သမ္မတ ရုံးစိုက်တဲ့ အစိုးရအဖွဲ့ ရှိမှာမို့ အမေရိကန် သမ္မတ ရုံးထိုင်တဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်ကို အားကျပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် သတ်မှတ်တာဖြစ်တယ်လို့ စစ်အစိုးရနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။
ပြည်ထောင်စုနယ်မြေ ဖြစ်တဲ့ နေပြည်တော်မှာ ခရိုင်နဲ့ မြို့နယ်များ သတ်မှတ်ခြင်း ဆိုတဲ့ အမိန့်မှာ ပါတဲ့ မြို့နယ်တွေထဲမှာ ဇေယျသီရီ၊ ဇမ္မူသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ပုဗ္မသီရိ ၅ မြို့နယ်ကို မန္တလေးတိုင်းမှာ ထည့်သွင်း ဖွဲ့ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၉ ခုနှစ် မတ်လ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့လို့ မန္တလေးတိုင်းမှာ ၃၆ မြို့နယ် ဖြစ်ခဲ့ပါတယ်။ သဘောကတော့ အမတ်လောင်းနေရာ ရဖို့အတွက် လူဦးရေများတဲ့ မန္တလေးတိုင်းရဲ့ လူဦးရေ အချိုးကို ခံစားဖို့ နေပြည်တော် ၅ မြို့နယ်ကို မန္တလေးတိုင်းမှာ ထည့်သွင်းခဲ့တဲ့အတွက် နေပြည်တော်မြို့နယ်ဆိုလို့ ပျဉ်းမနား၊ တပ်ကုန်းနဲ့ လယ်ဝေး ၃ မြို့နယ်သာ ကျန်တော့မယ့် သဘော ဖြစ်နေပါတယ်။
ဒီမှာတင် နေပြည်တော် ၅ မြို့နယ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြို့နယ် စာရင်းမှာပါ ထပ်တဲ့အတွက် ဒီ ၅မြို့နယ်ဟာ မန္တလေးတိုင်းထဲမှာရော နေပြည်တော်မှာပါ ၂ နေရာလုံး ပါနေတာ တွေ့ရပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦးရဲ့ အမိန့်ဟာ ကြံ့ခိုင်ဖွဲ့ဖြိုးရေး ပါတီအတွက် သေချာပေါက် အမတ်လောင်းစာရင်း ပေါက်မယ့် နေပြည်တော် ၅ မြို့နယ်ကို ပိုပြီး ခိုင်မာအောင် ပုဒ်မ ၄၄၃ ကို အခြေခံပြီး အမိန့် ထုတ်ခဲ့တာလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး လက်မှတ်ထိုး ထုတ်ပြန်တဲ့ နောက်ဆုံးအမိန့်ကလည်း ပထမအမိန့်လို မလိုဘဲ ထုတ်ပြန်တဲ့အမိန့်လို့ မြင်ကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတွေအတွက် ရုံးစိုက်ရာမြို့ကို ကြေညာတဲ့ အမိန့် ဖြစ်နေပါတယ်။ ဒီအချက်ကလည်း ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် အရပ်သား အစိုးရကသာ ထုတ်ပြန်ရမယ့်အစား ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦးက ကြိုတင် အမိန့်ထုတ်ထားသလို ဖြစ်နေပါတယ်။
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၅ ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ၁ ခု ဟာ အနာဂတ် မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်တာမို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာ မတည်သေးတဲ့အချိန် ဒီအမိန့် ထုတ်တာဟာ ခုတ်ရာတခြား ရှရာတလွဲလို ဖြစ်နေတယ်လို့ ပြည်တွင်းအကဲခတ်တွေက ဝေဖန်ပါတယ်။
အခြေခံဥပဒေ အာဏာတည်မယ့် အချိန်ဟာ ရွေးကောက်ပွဲအပြီး ပထမဆုံးခေါ်မယ့် လွှတ်တော်မဟုတ်ပါ။ နိုဝင်ဘာ ၇ ရက်မှာ ရွေးကောက်ပွဲလို့ ဆိုတဲ့အတွက် ရွေးကောက်ပွဲသာ ချောမော အောင်မြင်ခဲ့ရင် ဖေဖော်ဝါရီ ၅ ရက်မှာ အောက်လွှတ်တော် ခေါ် ပြည်သူ့လွှတ်တော် ခေါ်ပါမယ်၊ ဖေဖော်ဝါရီ ၁၂ ရက်မှာ အထက်လွှတ်တော် ခေါ် အမျိုးသားလွှတ်တော် ခေါ်ရမှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်မှာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် ခေါ်ရမှာ ဖြစ်ပါတယ်။ အဲဒီ ပြည်ထောင်စုလွှတ်တော် ကျင်းပတဲ့နေ့မှာမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်မှာ ဖြစ်ပါတယ်။
ဆိုလိုတာက နိုဝင်ဘာ ၇ ၇က် ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကနေ ရက်ပေါင်း ၁၀၅ ရက် မတိုင်ခင်ကြားမှာ စစ်အစိုးရဘက်က ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး ထုတ်တဲ့အမိန့်မျိုးတွေ ထုတ်ခွင့်ပေးထားတာကို အခြေခံဥပဒေ ပုဒ်မ ၄၄၃ လို့ ခေါ်ဆိုကြောင်းပါ။