ALP စစ်ဦးစီးချုပ် လုပ်ကြံခံရမှု ALP ရဲ့စွပ်စွဲချက် AA ငြင်းဆို
ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ၊ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ဟာ မနေ့မနက်ပိုင်းက စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကအပြန် စက်ရုံစုရပ်ကွက် ဆီတန်းလမ်းမပေါ်မှာ ပစ်သတ်ခံလိုက်ရတာပါ။
-
အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023-01-05 -
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ရဲ့ စစ်ဦးစီးချုပ်နဲ့ အရာရှိနှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဇန်နဝါရီ ၅ ရက်နေ့ မှာ ALP က ထုတ်ပြန်ပါတယ်။
ALP စစ်ဦးစီးချုပ်ဗိုလ်ချုပ် ခိုင်စောမြ လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ရခိုင်ပြည်နယ်မှာ လုံခြုံရေး မရှိဘူးလို့ ပြောပါတယ်။
"ကျွန်မပြောချင်တာ သုံးခွန်းပဲ ရှိတယ်။ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးလည်း ဘာမှမပြောဘူး။ AA ရဲ့ ပြန်ပြီးတော့ ဖြေကြားတာနဲ့လည်း ဘာမှလည်း မပြောချင်ဘူး။ လုပ်ကြံချင်လို့ လာရောက်လုပ်ကြံတယ်။ လုပ်ကြံတဲ့အတွက်ကြောင့် သေသွားပြီ။ ရခိုင်ပြည်နယ်မှာ လုံခြုံရေးမရှိဘူး။ ဒီ သုံးခွန်းပဲ ကျွန်မဖြေတယ်"
အခုလို ULA/AA ရဲ့ လုပ်ရပ်ဟာ ရခိုင်အမျိုးသားအချင်းချင်းကြားမှာ လူသားမဆန်တဲ့ အကြမ်းဖက်လုပ်ကြံခြင်းဖြစ်ပြီး ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသလို ရခိုင်ပြည်သူတွေကိုပါ တုန်လှုပ်ခြောက်ခြားစေတဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ALP ရဲ့ စွပ်စွဲထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရခိုင့်တပ်တော် AA ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခကတော့ ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
"ဒီလိုမျိုး ကျွန်တော်တို့ ULA/ AA ကို နာမည်ထုတ်ပြီးတော့ အခြေအမြစ်မရှိစွပ်စွဲတယ်ဆိုတာက နာမည်သေနေတဲ့ သူတို့ ALP ကို နာမည်ကြီးအောင်နေပြီတော့ လုပ်ချင်လည်း လုပ်နိုင်တာ ဖြစ်နိုင်တာပေါ့။ နှစ်ဖွဲ့ကွဲပြီးတော့ သူတို့ တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲတိုက်ခိုက် ဖြစ်နေတာ ရှိတယ်။ နေပြည်တော်အစည်းအဝေးတက်ဖို့ သွားဖို့ဆိုရင်တောင်မှ နှစ်ဖွဲ့လုနေကြတာတွေ ရှိတယ်။ အခြားအင်အားစုတစ်ခုခုက ပြဿနာတွေ ပိုပြီးတော့ ရှုပ်ထွေးသွားအောင် ဖန်တီးလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုမျိုးလုပ်ကြံသတ်ဖြတ်တာလည်း ဖြစ်နိုင်တယ်"
ဒီသေမှုသေခင်းနဲ့ပတ်သက်ပြီး ရခိုင်ပြည်သူ့အစိုးရဆီမှာ တိုင်ကြားလာတာမျိုး ရှိခဲ့ရင်တော့ လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။
ALP အနေနဲ့ ပိုမိုခိုင်မာတဲ့ အထောက်အထားရမှသာ ကြေညာချက် ထုတ်ပြန်သင့်ပြီး ULA/ AA ကိုစွပ်စွဲတာ ပိုပြီး ကောင်းမွန်နိုင်ပြီး ကြားထဲက အဖွဲ့တစ်ဖွဲ့က ဝင်မွှေသလားဆိုတဲ့ စဉ်းစားချက်မျိုး ရှိတယ်လို့ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သူ့အမြင်ကို ပြောပါတယ်။
"ဒီအဖွဲ့ပဲ ဖြစ်လိမ့်မယ်ဆိုတဲ့ စိတ်ခံစားမှုနဲ့ အရင်လည်း ငါတို့ကို ဖမ်းထားတာရှိတယ်။ အခုလည်း ဒီအဖွဲ့ပဲဖြစ်လိမ့်မယ် ဆိုပြီးတော့ အဲလိုတစ်ဖက်သတ်တွေးပြီးတော့ ဘာမှအထောက်အထားမရှိဘဲနဲ့ ကြေညာချက်ထုတ်တယ်ဆိုရင်တော့ ကျွန်တော်တို့က အတည်ပြုရမှာ (confirm)တော်တော်ခက်ပါတယ်။ ဒီကိစ္စဟာမှားသလား မှန်သလား နိုင်ငံရေးအရပေါ့နော်။ တခြားပယောဂတစ်ခုခုဖြစ်အောင် ကြားကလူတစ်စု၊ လူတစ်ဖွဲ့က ဝင်မွှေသလား အဲဒါမျိုးကတော့ ကျွန်တော်တို့ စဉ်းစားမှုတော့ ရှိပါတယ်"
ALP အနေနဲ့ စစ်ကောင်စီနဲ့ မဟာမိတ်လုပ်ထားပြီး NCA လက်မှတ်ထိုးထားတဲ့အတွက် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အဖြေရှာနိုင်ရင်တော့ စွပ်စွဲတဲ့ကိစ္စဟာ ပိုပြီးတော့ ခိုင်မာလာနိုင်မယ်လို့ သူ့သုံးသပ်ချက်ကို ပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA/ULA)ဟာ ALP ပါတီရဲ့ တပ်မတော်ခေါင်းဆောင်တွေ၊ ပါတီဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေကို ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ လုပ်ကြံသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေပြီး ဒါတွေအတွက် တရားမျှတမှုရအောင် လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
ALP စစ်ဦးစီးချုပ်ဟာ စစ်တွေမြို့ပေါ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ ပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ALP စစ်ဦးစီးချုပ် လုပ်ကြံသတ်ဖြတ်တာဟာ ရခိုင့်တပ်တော် AA ဖြစ်ခဲ့မယ်ဆိုရင်တော့ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး နိုင်ငံရေးဆိုင်ရာ ရှေ့ဆက်သွားဖို့ ဒုက္ခရောက်သွားနိုင်တယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။
"အကယ်၍များသာ ALP က ပြောတဲ့အတိုင်း AA သာ လုပ်ကြံသတ်ဖြတ်ခဲ့တယ်ဆိုရင်တော့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရှေ့ဆက်သွားမယ့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းမှုတွေမှာ တော်တော်လေးဒုက္ခရောက်လိမ့်မယ်။ နဂိုတည်းကမှ ရခိုင်ပြည်နယ်အခြေအနေက ပိုပြီးရှုပ်ထွေးတဲ့ အခါကျတော့ ဒီလိုမျိုးဖြစ်လာတဲ့အခါကျတော့ ကောင်းတဲ့အလားအလာလို့တော့ သိပ်မထင်မိဘူး။ နိုင်ငံရေးပိုင်းဆိုင်ရာ ခေါင်းဆောင်တွေကော ရခိုင်လူမှုအသိုက်အဝန်းက ဩဇာတိက္ကမ ရှိတဲ့လူတွေကော ပူးပေါင်းပြီးတော့ ဒီကိစ္စကို ဖြေရှင်းနိုင်မယ်ဆိုရင်တော့ အဆင်ပြေလိမ့်မယ်။ မဟုတ်ရင်တော့ ဒါက ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးအသိုက်အဝန်း ကြားထဲမှာ တော်တော်လေးပြဿနာကြီးလာနိုင်တယ်"
သေနင်္ဂမဟာဗျူဟာအဖွဲ့ဟာ တပ်မတော်ဗိုလ်ကြီးဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံ ရေးသားပြောဆိုနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ALP ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ၊ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ဟာ မနေ့မနက်ပိုင်းက စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကနေ ကားနဲ့အပြန် စက်ရုံစုရပ်ကွက် ဆီတန်းလမ်းမပေါ်မှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာပါ။
ALP ဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကိုလည်း ထောက်ခံတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ထဲက တစ်ဖွဲ့ အပါအဝင်ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိအာဏာသိမ်းစစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။