မကွေးဝန်ကြီး ၂ ယောက်ကို နုတ်ထွက်ခွင့်ပြု
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမြင့်နဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးနေမျိုးကျော် တို့ကို သူတို့ရဲ့ သဘောဆန္ဒအရ ဝန်ကြီးတွေရဲ့ ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်တယ် လို့ နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ ၁၀ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
-
2018-01-11 -
-
-
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးစိုးမြင့်နဲ့ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးနေမျိုးကျော် တို့ကို သူတို့ရဲ့ သဘောဆန္ဒအရ ဝန်ကြီးတွေရဲ့ ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ ၁၀ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
ဦးစိုးမြင့်နဲ့ ဦးနေမျိုးကျော်တို့ အဲဒီလို နုတ်ထွက်ရတဲ့အကြောင်းကို ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဦးနေမျိုးကျော်ဟာ အိမ်ထောင်ရှိတဲ့အမျိုးသမီးနဲ့ လူမှုရေးဖောက်ပြန်တာတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ဦးနေမျိုးကျော်၊ သူ့ရဲ့ဇနီး၊ သူနဲ့ဖောက်ပြန်ပါတယ်လို့ အစွပ်စွဲခံရတဲ့ အမျိုးသမီးတို့က စက်တင်ဘာလမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာတော့ ပါတီရဲ့ အဆင့်မြင့်တာဝန်တွေကို ရပ်ဆိုင်းခံခဲ့ရပါတယ်။
ဦးနေမျိုးကျော်က ဝန်ကြီးနေရာကနေ နုတ်ထွက်စာတင်ရုံသာမကဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကနေပါ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်စာတင်ထားတာဖြစ်ပါတယ်။
စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမြင့် ကတော့ အသက် ၇၀ ကျော်ရှိနေပြီး ကျန်းမာရေး မကောင်းသူဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တချို့က စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမြင့်နေရာကို အစားထိုးလဲလှယ်ပေးဖို့ တင်ပြတောင်းဆိုတာတွေရှိခဲ့တယ်လို့လည်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။