ဖာပွန်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်းတစ်ပါးအပါအဝင် ခြောက်ဦး သေဆုံး
မြို့မရွှေကျောင်း ဘုန်းတော်ကြီးကျောင်းကို မတ် ၃၁ မှာ စစ်ကောင်စီတပ် လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရဟန်းတစ်ပါးနဲ့ အရပ်သားငါးဦး စုစုပေါင်းခြောက်ဦး သေဆုံးခဲ့ပါတယ်။
-
RFA Burmese
2024-04-01 -
-
-
ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ အမှတ် (၂) ရပ်ကွက်မှာရှိတဲ့ မြို့မရွှေကျောင်း ဘုန်းတော်ကြီးကျောင်းကို မတ်လ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ် လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရဟန်းတစ်ပါးနဲ့ အရပ်သားငါးဦး စုစုပေါင်းခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၈ ရက်ကစပြီး ဖာပွန်မြို့ကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပြီးနောက် အခုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာလို့ ဆိုပါတယ်။
ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်းလုပ်ခဲ့ပြီး ထွက်ပြေးဖို့အချိန်မရတာကြောင့် အခုလို သေဆုံးခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲတွေက အဲဒီမှာဖြစ်နေတာ။ လေကြောင်းကနေ ဗုံးကြဲတော့ ဒေသခံတွေထိကုန်တာ။ တချို့ဆို မျက်နှာတွေ ဘာတွေတောင် မမှတ်မိတော့ဘူး။ ဗုံးကြဲခံရပြီးတော့ ဒေသခံတွေ လုံခြုံတဲ့နေရာ ထပ်ရွှေ့ထားကြရတယ်”
သေဆုံးသူတွေထဲမှာ သက် ၂၀ ဝန်းကျင်လူငယ် အမျိုးသမီးနှစ်ဦး၊ အမျိုးသားနှစ်ဦးနဲ့ ရဟန်းတစ်ပါးပါဝင်ပြီး အသက်နဲ့နာမည် အသေးစိတ်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ကရင်ပြည်နယ်ထဲမှာ စစ်ရေးအကူအညီပေးနေတဲ့ Free Burma Rangers အဖွဲ့ကလည်း မနေ့က လေကြောင်း တိုက်ခိုက်မှုမှာ ခြောက်ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတဲ့အကြောင်း ထုတ်ပြန်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးတုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
မတ်လ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီက ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ဖာပွန်မြို့၊ အမှတ် (၁) ရပ်ကွက်မှာနေထိုင်တဲ့ အရပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။
ဖာပွန်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ (KNU) တပ်မဟာ (၅) က မတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။