တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ရာကျော် သေဆုံး
တိုင်းနဲ့ပြည်နယ် ဆယ်ခုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၁၇ ဦး သေဆုံးခဲ့ပြီး ၃၂၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
-
RFA Burmese
2024-10-05 -
-
-
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တစ်လအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၁၇ ဦး သေဆုံးခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ရှမ်း၊ ရခိုင်၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူး စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီက လေကြောင်းကနေ အကြိမ် ၃၅၀ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပဲခူးနဲ့ တနင်္သာရီတိုင်းတို့မှာ ဒရုန်းနဲ့လည်း ၃၁ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုင်းနဲ့ပြည်နယ် ဆယ်ခုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၅ ဦးနဲ့ အမျိုးသမီး ၄၈ ဦးအပါအဝင် အရပ်သား ၂၁၇ ဦး သေဆုံးခဲ့ပြီး ၃၂၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ် သုံးရာကျော် (၃၀၃) လုံး၊ ဘာသာရေးအဆောက်အဦ ၁၆ လုံး၊ စာသင်ကျောင်း ခြောက်ကျောင်း၊ အချုပ်ထောင် နှစ်ခု၊ UN ရုံးခန်း တစ်ခုနဲ့ ဟိုတယ်သုံးလုံး ပျက်စီးခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ဦးသေဆုံးခဲ့ပြီး ၃၇ ဦး ဒဏ်ရရှိခဲ့တဲ့အပြင် နေအိမ် ၂၄ လုံးနဲ့ ဘာသာရေးအဆောက်အဦ သုံးခု ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအချက်အလက်တွေဟာ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က မြန်မာပြည်တွင်း သတင်းမီဒီယာတွေကို လေ့လာစောင့်ကြည့် ကောက်ယူထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ခြောက်ထောင်နီးပါး (၅,၇၅၈ ဦး) သေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူ သုံးသောင်းနီးပါး (၂၇,၅၁၃ ဦး) ရှိပါတယ်။