စဉ့်ကူးမြို့ကို စစ်ကောင်စီတပ် ရေကြောင်းက တိုက်ခိုက်နေ

စဉ့်ကူးမြို့ကို စစ်ကောင်စီတပ်က ဧရာ၀တီမြစ်အတွင်း ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ရှိနေပါတယ်။

စဉ့်ကူးမြို့ အဝင်တစ်နေရာအား ၂၀၁၅ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။ Citizen Photo

ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့ကို စစ်ကောင်စီတပ်က ဧရာ၀တီမြစ်အတွင်း ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူးမြို့ဟာ ဧရာ၀တီမြစ်ကမ်းဘေးမှာ တည်ရှိတာဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့ ညပိုင်းမှာ မန္တလေးဆိပ်ကမ်းကနေ ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

မြို့ပေါ်ကိုလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတာရှိပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ရေလမ်းကြောင်းကနေ သင်္ဘောနဲ့ဝင်ပြီး မြို့ပေါ်တက်တက်ပြီး အဲမှာတိုက်ပွဲဖြစ်တယ်လို့ ကြားတယ်။ ဒီနေ့မနက် အထိတော့ အသေးစိတ် အခြေအနေမသိရသေးဘူး”

ဇူလိုင်လ ၂၁ ရက် ဒီနေ့မှာတော့ စဉ့်ကူးမြို့နယ် မြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခိုက်တာတွေ ရှိခဲ့တယ်လို့ Wetlet Informational Network အဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကတော့ စဉ့်ကူးမြို့ကို ရေလမ်း၊ ကုန်းလမ်းတို့ကနေ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူရယူပြီး တိုက်ခိုက်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားပြီး ဇူလိုင်လ ၂၀ ရက်နေ့မှာ မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ပြောခွင့်ရသူ ကိုအော်စမွန်ကတော့ စစ်ကောင်စီက ထိန်းချုပ်နိုင်တယ်ဆိုတာ မဟုတ်ဘဲ ကာကွယ်ရေးတပ်ဖွဲ့တွေက အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဇူလိုင်လ ၂၁ ရက် ဒီနေ့မနက်မှာ RFA ကို ပြောပါတယ်။

လက်ရှိမှာ စဉ့်ကူးမြို့နယ်နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ သပိတ်ကျင်းမြို့နယ်နဲ့ မတ္တရာမြို့နယ်တွေထဲမှာလည်း ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မတ္တရာမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်တပ်စခန်း ၂၈ ခုအထိ သိမ်းယူထားနိုင်တယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org