အင်းတော်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၉ ဦးအထိရှိလာ

အင်းတော်မြို့နယ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၉ ဦးအထိရှိလာပါတယ်။

အင်းတော်မြို့နယ် နဘားလမ်းဆုံကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၉ ဦးအထိရှိလာပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဇွန်လ ၂၂ ရက်ညက နန့်သာရွာ ဘုန်းတော်ကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ သေဆုံးသူ ၁၈ ဦးအထိရှိလာပြီး ဇွန်လ ၂၄ ရက်နေ့က နားခါးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အသက် ၆၅ နှစ်အရွယ် ဦးစိုးနိုင် သေဆုံးခဲ့ပါတယ်။

ဒဏ်ရာရသူတွေ ဆေးကုသခွင့် အလုံအလောက်မရလို့ ထပ်မံသေဆုံးကြတာလို့ အင်းတော် ဒေသခံတွေက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတချို့လည်း နန့်သာရွာ ဘုန်းကြီးကျောင်းထဲမှာပဲ စစ်ကောင်စီတပ်က ဆေးကုသမှု တချို့လုပ်ပေးနေသလို တချို့ကတော့ PDF တပ်ဖွဲ့ရှိတဲ့နေရာမှာ ဆေးကုသမှုခံယူနေကြတယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၅ ရက်နေ့မနေ့တုန်းကလည်း သက္ကယ်ကျင်းရွာ အနီးမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့ပြီး အင်းတော် စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေနဲ့ တစ်နေကုန်နီးပါး ပစ်ခတ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကတော့ ဖြစ်စဉ်အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

အင်းတော်မြို့နဲ့ ဗန်းမောက်မြို့ကို ဆက်သွယ်ထားတဲ့လမ်းပေါ် နန့်သာရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်တွေ မကြာခဏ သွားရောက်တိုက်ခိုက်လေ့ရှိတာကြောင့် စစ်ကောင်စီတပ်ဘက်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်နေပါတယ်။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org