ကျောက်တော်မြို့နယ် စစ်ဘေးဒုက္ခသည်များ အတွက် ရိက္ခာလို
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ အစိုးရတပ်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွား ခဲ့တဲ့နေရာ အနီးတဝိုက်က ကျေးရွာလေးရွာက ဒေသခံ ၄၅၀ လောက်ဟာ မလှမ်းမကမ်းရှိ စပါးဆိပ်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
-
2015-04-20 -
-
-
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ အစိုးရတပ်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ အနီးတဝိုက်က ကျေးရွာလေးရွာက ဒေသခံ ၄၅၀ လောက်ဟာ မလှမ်းမကမ်းရှိ စပါးဆိပ်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ဘေးဒုက္ခသည်တွေဟာ စပါးဆိပ်ကျေးရွာက စာသင်ကျောင်းမှာ ခိုလှုံနေပြီး စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက ပြောပါတယ်။
"ရွာလေးရွာ ခန့်မှန်းခြေအိမ်ခြေ ၁ဝဝ ကျော်လောက်ရှိတယ်၊ လူဦးရေ ၄ဝဝ ကျော်ရှိတယ်၊ ရွာသူရွာသားတွေက သူတို့ကို စာသင်ကျောင်းထဲမှာ ထားရတယ်လို့ပြောတယ်"
တိုက်ပွဲဖြစ်ပွားရာ နေရာအနီးအနားက ကုလားကျ၊ ဒန်ချောင်း၊ ပင်လုံ၊ အောင်လံချောင်းကျေးရွာက ဒေသခံတွေဟာ စပါးဆိပ်ကျေးရွာထံ မနေ့ကရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီစစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် ကျောက်တော်မြို့ခံတွေက စစ်ဘေးဒဏ် သင့် ထောက်ပံ့ရေးကော်မတီတစ်ရပ်ကို ဒီနေ့ ဖွဲ့စည်းလိုက်ပြီး မနက်ဖြန်မှာ စပါးဆိပ်ကျေးရွာထံ သွားရောက်ကူညီကြမှာဖြစ်ပါတယ်။
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တို့မှာ ကျောက်တော် မြို့နယ် စပါးဆိပ်ကျေးရွာအုပ်စုအတွင်းမှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ပြီး ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအထဲမှာ အပြင်းထန်ဆုံးနဲ့ အချိန်အကြာမြင့်ဆုံး တိုက်ပွဲတွေဖြစ်ကြောင်း ရက္ခိုင့်တပ်မတော် က သတင်းထုတ်ပြန်ခဲ့ပါတယ်။