အလုပ်သမားများ ဂျော်ဒန် ပို့တဲ့ အေဂျင်စီ အပိတ်ခံရ
သဘောတူညီချက်အတိုင်း အလုပ်သမားခံစားခွင့် အာမ,ခံ မပေးနိုင်ခဲ့တဲ့ ပြည်ပ အလုပ်အကိုင် ရှာဖွေပေးရေး အလုပ်သမား အေဂျင်စီတခုကို ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာပိုင်တွေက ပိတ်လိုက်တယ်လို့ သိရပါတယ်။
-
2011-06-19 -
-
-
ဧပြီလကုန်ပိုင်းက ဂျော်ဒန်နိုင်ငံ ဟာဆန်မြို့ အိုအေစစ် အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမားတွေက အလုပ်သမား ရပိုင်ခွင့်အတွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီသတင်းကို မီဒီယာတွေက ဖော်ပြခဲ့ကြပြီးနောက် ဒီအလုပ်သမားတွေကို စေလွတ်ခဲ့တဲ့ ရန်ကုန်မြို့က ‘စည်းစိမ်သစ်’ အလုပ်သမား အေဂျင်စီကို အလုပ်သမား ဝန်ကြီးဌာနက စစ်ဆေးပြီး လုပ်ငန်းလိုင်စင် ရုပ်သိမ်းလိုက်တာလို့ အလုပ်သမား အေဂျင်စီတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဂျော်ဒန်နိုင်ငံ ဟာဆန်မြို့မှာ အမျိုးသမီးလုပ်သား ၂ဝဝ အပါအဝင် မြန်မာအလုပ်သမား ၂၃၅ ယောက်ဟာ လစာနဲ့ ရပိုင်ခွင့်တွေ အတွက် ဧပြီလ ၂၄ ရက်နေ့မှာ တခြားနိုင်ငံသား အလုပ်သမားတွေနဲ့ ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
တဆက်ထဲမှာ မလေးရှားနိုင်ငံကို ဗီဇာ၊ ခေါ်စာအတုတွေနဲ့ အလုပ်သမားတွေ စေလွတ်နေတယ် ဆိုပြီး မလေးရှားသံရုံးက တိုင်ကြားထားတဲ့မြန်မာအလုပ်သမား အေဂျင်စီ ၈ ခုကိုလည်း အလုပ်သမား ဝန်ကြီးဌာနက စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။