ဖွဲ့စည်းပုံအသစ်ပြန်ဆွဲပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ အာဆီယံကိုယ်စားလှယ်ကို AFP ပါတီ အကြံပြုခဲ့
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အချက်တွေ ပါဝင်တဲ့ အကြုံပြုချက်ကို ရခိုင့်ဦးဆောင်ပါတီ (AFP) က အာဆီယံအထူးကိုယ်စားလှယ်ထံ ဇူလိုင် ၂ ရက်နေ့က အကြံပြုခဲ့တယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက RFA ကို ပြောပါတယ်။
- 2022-07-03
-
-
-
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အချက်တွေ ပါဝင်တဲ့ အကြုံပြုချက်ကို ရခိုင့်ဦးဆောင်ပါတီ (AFP) က အာဆီယံအထူးကိုယ်စားလှယ်ထံ ဇူလိုင် ၂ ရက်နေ့က အကြံပြုခဲ့တယ်လို့ ပါတီရဲ့ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက RFA ကို ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကိုသွားဖို့ အတားအဆီးဖြစ်နေတဲ့အတွက် အခြေခံဥပဒေအသစ် လိုအပ်သလို ဒီအပြောင်းအလဲဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ပါဝင်ခွင့်ပြုသင့်တယ်လို့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းကို အကြံပြုခဲ့ကြောင်း ဦးကျော်ဇောဦးက ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ကို လွတ်စေချင်တယ်ဆိုတာက နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံ ရေး ယုံကြည်ချက်ကြောင့် အဖမ်းခံရသူရှိတဲ့ လူ့အဖွဲ့အစည်းမရှိစေချင်ဘူးဆိုတာ ဒီ ပြဿနာ တစ်ခုတည်းကြောင့် မဟုတ်ဘူး။ ကျနော်တို့ ပါတီခေါင်းဆောင်ကို တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည်တို့ အုပ်ချုပ်စဉ်ကာလက စကားတစ်ခွန်းကြောင့် နိုင်ငံတော် ပုန်ကန်မှုအဖြစ် ပြစ်ဒဏ်ချခဲ့တာရှိပါတယ်။ အဲဒါကိုလည်း မဖြစ်စေချင်ဘူး။ ဒေါ်အောင် ဆန်းစုကြည်က နိုင်ငံရေးရာထူး ဩဇာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ လူထုအပေါ် ဩဇာသက်ရောက်နိုင်တဲ့ ခေါင်းဆောင်ဖြစ်တယ်"
ဒီအခြေအနေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပြောဆိုခွင့်ရှိဖို့လိုပြီး ဖမ်းဆီးခံထားရသူ မဖြစ်သင့်ဘူးလို့ သူက ဆက်ပြောပါတယ်။
အရင်ကတည်းက ဖော်ဆောင်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဟာလည်း ထိရောက်မှုမရှိဘဲ အကျိုးရလဒ်ထွက်အောင် စွမ်းဆောင်နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်တွေပါ ပါဝင်နိုင်ဖို့လိုတယ်လို့ AFP ပါတီက ဆိုပါတယ်။
စစ်ကောင်စီအပေါ် အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံတွေရဲ့ ချဉ်းကပ်နည်းတွေ ဟာလည်း ပြဿနာဖြေရှင်းရာမရောက်ဘဲ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ စစ်ကောင်စီ ကို ထည့်သွင်းစဉ်းစားရမယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာလည်း ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ဟာ အချိန်မရွေး စစ်ပွဲဖြစ်နိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် ဒီအခြေအနေကို ရှောင်ကွင်းဖို့ နိုင်ငံရေးသဘော တူညီချက်ရတဲ့အထိ နှစ်ဖက်သေချာဆွေးနွေးဖို့ လိုအပ်တယ်လို့ AFP ပါတီရဲ့ ပြောရေးဆို ခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံကိုရောက်နေတဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်ဟာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရဖို့ တောင်းဆိုထားပေမယ့်လည်း တွေ့ခွင့်မပေးနိုင်ဘူးလို့ စစ်ကောင်စီဘက်က ငြင်းဆိုထားပါတယ်။