လောက်ကိုင်မြို့လယ် ဗမာတန်းက နေအိမ်တွေကို သုံးရက်အတွင်း MNDAA ဖယ်ခိုင်း

လောက်ကိုင်မြို့အလယ်က အိမ်ခြေခြောက်ဆယ်ကျော်ရှိတဲ့ ဒေသအခေါ် ဗမာတန်းကို သုံးရက်အတွင်းဖယ်ရှားပေးဖို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က အကြောင်းကြားထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ ဗမာတန်း အဆောက်အအုံများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်က တွေ့ရစဉ်။ Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အလယ်က အိမ်ခြေခြောက်ဆယ်ကျော်ရှိတဲ့ ဒေသအခေါ် ဗမာတန်းကို သုံးရက်အတွင်းဖယ်ရှားပေးဖို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က မတ်လ ၉ ရက်နေ့မနက်မှာ အကြောင်းကြားထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

လောက်ကိုင်မြို့ စည်ပင်သာယာရေးဆိုတဲ့ အကြောင်းပြချက်နဲ့ (MNDAA) က ဖယ်ရှားခိုင်းတာလို့ဆိုပါတယ်။

အဲဒီနေရာဟာ ဗမာပစ္စည်းတွေ အဓိကရောင်းချတာကြောင့် ဗမာတန်းလို့လူသိများပြီး ဆိုင်ခန်းတွေနဲ့ အိမ်ကြီးအိမ်ကောင်းတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေက (MNDAA) ရုံးကို နေအိမ်တွေမဖယ်ရှားဖို့ သွားရောက်ပြောဆိုခဲ့ပေမယ့် လက်မခံဘူးလို့ နေအိမ်ဖယ်ရှားပေးရမယ့် လောက်ကိုင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“သုံးရက်အတွင်း အပြီးဖယ်လို့ပြောတဲ့အခါကျတော ပြည်သူလူထုတွေကတော့ မနေ့က ရုံးကိုသွားပြောကြ တယ်။ ပြောတော့ ရုံးက ဆွေးနွေးစရာမရှိဘူးလို့ ပြောတယ်။ အဲဒီတော့ အကုန်ပြန်လာကြပြီးတော့ ကိုယ့်ပစ္စည်းကိုယ်သိမ်းကြတာ”

ဖယ်ရှားခိုင်းထားတဲ့ အဲဒီဗမာတန်းမှာ မြန်မာပြည်ကလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေများပြီး ဗမာ၊ ရှမ်း၊ ကချင်နဲ့ ကိုးကန့်လူမျိုးတွေ နေထိုင်ကြတယ်လို့ ဆိုပါတယ်။

နှစ်ချီတည်ဆောက်ထားရတဲ့ နေအိမ်တွေကို ဆုံးရှုံးရတော့မှာကြောင့် စိတ်ဆင်းရဲနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတုံ့ပြန်မှုရဖို့ (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကို RFA က အွန်လိုင်းကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

လောင်ကိုင်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) က ဗိုလ်မှူးချုပ်အဆင့်ရှိသူ ခြောက်ဦး၊ အရာရှိ ၂၂၈ ဦးအပါအဝင် ရဲဘော်နဲ့ အခြားအဆင့် နှစ်ထောင်နီးပါးဟာ အခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ လက်နက်ချခဲ့ပြီးနောက် လောက်ကိုင်မြို့ကို ကိုးကန့်တပ်မတော် (MNDAA) က အုပ်ချုပ်နေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org