စစ်မှုထမ်းဥပဒေကြောင့် အသတ်ခံရတဲ့ အုပ်ချုပ်ရေးအဖွဲ့ ဝင် ၁၀၈ ဦး အထိရှိလာ
RFA ရဲ့ စာရင်းတွေအရ စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် စစ်မှုထမ်းဖို့ လူသစ်စုဆောင်းတာ၊ စာရင်းကောက်တာနဲ့ ငွေကြေးတောင်းခံတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀၈ ဦးဟာ သတ်ဖြတ်ခံရပါတယ်။
-
RFA Burmese
2024-09-27 -
-
-
RFA ရဲ့ စာရင်းတွေအရ စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် စစ်မှုထမ်းဖို့ လူသစ်စုဆောင်းတာ၊ စာရင်းကောက်တာနဲ့ ငွေကြေးတောင်းခံတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀၈ ဦးဟာ သတ်ဖြတ်ခံရပါတယ်။
ဒါဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကနေပြီး စက်တင်ဘာလ ၂၇ ရက်နေ့အထိဖြစ်ပြီး စက်တင်ဘာလထဲမှာပဲ အုပ်ချုပ်ရေးအဖွဲ့ဝင် သတ်ဖြတ်ခံရမှုတွေ မကြာခဏဖြစ်လာနေတာပါ။
စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ဈေးပိုင်းရပ်ကွက် ရာအိမ်မှူး ဦးမင်းမင်းထွန်း ဆိုသူ ပစ်ခတ်သတ်ဖြတ်ခံရပါတယ်။
အလားတူ စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ် ကျောက်တန်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းရဲ့ ဇနီးဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဒေါ်ခင်စောလှကို ကာကွယ်ရေးတပ်တွေဘက်က ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်စခန်းအုပ်စုက စစ်ကောင်စီခန့် ရာအိမ်မှူး ဦးသိန်းဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဦးသိန်းအေးဟာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတစ်ဦး ဖြစ်ပြီး စစ်သားစုဆောင်းတာနဲ့ ငွေကြေးတောင်းခံတာတွေမှာ ကိုယ်တိုင်ပါဝင်နေသူတစ်ဦးလို့ ကြို့ပင်ကောက်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်သားစုဆောင်းတယ်။ တကယ်လို့ စုဆောင်းတာမလိုက်ချင်တဲ့ သူဆို ဆယ်သိန်းကနေ သိန်းတစ်ရာအထိ ပါးစပ်ထဲရှိသလို တောင်းတာ။ အကုန်လုံး ကြောက်နေရတာပေါ့ဗျာ"
ဒီပစ်ခတ်မှုကို ပဲခူးရိုးမအခြေစိုက် (BTZM GBK PDF) တပ်ဖွဲ့က လုပ်ဆောင်တာဖြစ်ပြီး ဦးသိန်းဦးဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့အတွက် ကူညီပေးနေသူတစ်ဦးလို့ စက်တင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်တော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှာ ဥပဒေအသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် မတ်လ ၉ ရက်နေ့မှာ စစ်မှုထမ်းမဲ့သူတွေကို စတင်ဆင့်ခေါ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ တပ်သားသစ်စုဆောင်းပြီး စစ်သင်တန်းပေးနေတာ အခုတစ်ကြိမ်နဲ့ဆို ငါးကြိမ်မြောက်ရှိလာပြီ ဖြစ်ပါတယ်။